Social Media ပေါ်မှာ အမျိုးမျိုးမြင်နေရတဲ့ အချိန်ကာလက အရင်အချိန်တွေထက် ကြာရင် စိတ်မချမ်းမသာ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ သူများတွေရဲ့ ဘဝတွေနဲ့ ယှဉ်ပြီး သင်က စိတ်ညစ်ရတာတွေ ဖြစ်နိုင်သလို အတွေးတွေ များပြီး လုပ်စရာရှိတာ မလုပ်ဖြစ်တာတွေလည်း ရှိမှာပါ။ ဒီတစ်ခေါက်ဖော်ပြမယ့် အကြံပေးချက်တွေကတော့ သင့်ကို စိတ်ရှုပ်စရာကောင်းလှတဲ့ လောကကြီးထဲ အသက်ရှူထွက်ပေါက် အနည်းငယ်ရပြီး ကိုယ့်ကို ပျော်ရွှင်စေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ လူတွေအပေါ် မမှီခိုပါနဲ့

သင်ပျော်ရွှင်ဖို့ တခြားသူအပေါ် မမှီခိုသင့်ပါဘူး။ ဒီလူနဲ့ သင်က ဘယ်လောက်ထိပဲ ရင်းနှီးပါစေ သင့်ပျော်ရွှင်မှုက သင့်လက်ထဲမှာပဲ ရှိသင့်ပါတယ်။ သူမပါလို့ မပျော်တော့ဘူး၊ သူမရှိလို့ မဖြစ်ဘူး စသဖြင့် တခြားသူအပေါ် မှီခိုတဲ့ ပျော်ရွှင်မှုတွေကို သင် စွန့်လွှတ်သင့်ပါတယ်။ ဒီလိုမှ သင် တကယ် ပျော်ရွှင်နိုင်ပါလိမ့်မယ်။

၂။ လူတွေကို မဝေဖန်ပါနဲ့

သင်က သင့်လို တခြားမိန်းကလေးတွေကို ကဲ့ရဲ့တာ၊ ဝေဖန်တာတွေ မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက ကိုယ့်ရှေ့က မှန်ထဲက ကိုယ့်ကို ပြန်ပြောနေတာနဲ့ တူပြီး ဒီစကားလုံးတွေက သင့်ဆီကို ပြန်ရိုက်ခတ်ကာ သင်ပဲ ပူလောင်ရပါလိမ့်မယ်။ ဒါကြောင့် ဘယ်အရာမဆို မဝေဖန်ဘဲ မုဒိတာ ထားကာ လူတိုင်းကို မကဲ့ရဲ့ဘဲ ကောင်းတဲ့ဘက်ကနေ မြင်ပေးသင့်ပါတယ်။

၃။ သင့်ကို မလေးစားတဲ့သူတွေ

တချို့သူတွေက သင့်ရဲ့ Attention လိုချင်လို့ကို သင့်အပေါ် မလေးမစား လုပ်တာတွေ ရှိပါတယ်။ သင့်အနေနဲ့ သင့်ကို လေးစားကောင်းရမှန်း မသိတဲ့သူတွေဆိုရင် လက်လွှတ်ပေးဖို့ ဝန်မလေးသင့်ပါဘူး။ သင့်ဘဝမှာ သင့်ကို လေးစားတဲ့သူတွေနဲ့ ဝန်းရံထားသင့်ပါတယ်။

၄။ လူတွေဆီက အမုန်းခံရတဲ့အခါ

ဘဝမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတဲ့အချိန် လူအချို့ရဲ့ ဝေဖန် ပြစ်တင်တာတွေ၊ မုန်းတီးတာတွေကို ခံရနိုင်ပါတယ်။ ဒါက သဘာဝပါပဲ။ ဒီလိုဖြစ်ရခြင်းက သူတို့ဟာ သင့်အပေါ် မနာလို ဝန်တိုပြီး သင်အောင်မြင်မှာကို မလိုလားလို့ပါ။ သင့်ကို လူတိုင်း သဘောမကျနိုင်ကြောင်း လက်ခံထားပြီး အကောင်းဆုံး ကြိုးစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar