အားလုံးပဲ မင်္ဂလာပါ။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေငြိပြီး ကျွတ်လွန်းလို့ စိတ်ညစ်နေတဲ့ပျိုမေလေးတွေအတွက် ဒီအကြောင်းအရာလေးက အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်နော်။ ဆံနွယ်လေးတွေကို ပြန်လည်ပျော့ပြောင်းစေပြီး ဆံပင်ကျွတ်တာကိုလည်း သိသိသာသာသက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကဲ..ဘယ်လိုနည်းလမ်းလေးတွေလဲဆိုတာ အတူတူကြည့်လိုက်ရအောင်..

ခေါင်းလျှော်တဲ့အခါ ရေအေးအေးလေးနဲ့ပဲ့ လျှော်ပေးပါ 

ရေနွေး (သို့မဟုတ်) ရေပူနဲ့ ခေါင်းလျှော်ခြင်းက ဦးရေပြားကို ပျက်စီးစေပြီး ဆံပင်ကို ခြောက်သွေ့ကြမ်းတမ်းစေပြီး ဆံပင်လည်းကျွတ်စေပါတယ်။

ဆံပင်စိုနေတဲ့အချိန် ခေါင်းမဖြီးပါနဲ့

ဆံပင်စိုနေတဲ့အချိန်မှာ ခေါင်းဖြီးတဲ့အခါ ဆံပင်ပျက်စီးတတ်တာကြောင့် ဆံပင်ခြောက်တဲ့အချိန်မှ ခေါင်းဖြီးပေးပါ။ ဆံပင် ခဏ ခဏဖြီးခြင်းကလည်း ပွတ်တိုက်မှုဖြစ်စေပြီး ဆံပင်ပျက်စီးစေပါတယ်။

စက်ပစ္စည်းတွေရဲ့ အပူဒဏ်တွေကို တတ်နိုင်သမျှ ဝေးဝေးရှောင်ပေးပါ။ 

ဆံပင်ဖြောင့်စက်၊ ဆံပင်ကောက်စက်၊ ဆံပင်လေမှုတ်စက်တွေရဲ့အပူဒဏ်တွေကလည်း ဆံပင်ပျက်စီးရခြင်း အကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်လို့ အဲ့ဒီပစ္စည်းအသုံးပြုမှုကို ရပ်ဆိုင်းထားပါ။ မဖြစ်မနေ အသုံးပြုရမယ်ဆိုရင်တော့ အပူဒဏ်ကာကွယ်ပေးတဲ့ စပရေးတို့ Serumတို့ကို လိမ်းပြီးမှ အသုံးပြုပေးပါ။

ဆံပင်အဖျားလေးတွေကို ပုံမှန်တိပေးပါ

အဖျားနှစ်ခွဖြစ်တာ၊ ဆံပင်ခြောက်သွေ့ကြမ်းတမ်းတဲ့သူတွေကတော့ တစ်လတစ်ခါ၊ ဒါမှမဟုတ် တစ်လခွဲတစ်ခါလောက် ဆံပင်အဖျားတွေကို ပုံမှန်တိပေးပါ။

သဘာဝဆံပင်ပေါင်းတင်နည်းလေးတွေကို အသုံးပြုပေးပါ

ရှားစောင်းလက်ပတ်နဲ့ ပေါင်းတင်မယ်

ရှားစောင်းလက်ပတ်ဂျယ်လေးကို ဇွန်းနဲ့ခပ်ထုတ်လိုက်ပြီး ရေနည်းနည်းရောပြီးနောက် ဆံကေသာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၃၀ လောက် စောင့်ပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ချလိုက်ပါ။

ငှက်ပျောသီးနဲ့ ဒိန်ချဉ်ရောပြီး ပေါင်းတင်ကြည့်ပါ

ငှက်ပျောသီးမှည့်တစ်လုံးနဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါတယ်။ ငှက်ပျောသီးကို သေချာလေးချေလိုက်ပြီး ဒိန်ချဉ်နဲ့ရောနယ်လိုက်ပါ။ ပြီးရင် ဆံကေသာအနှံ့ သုတ်လိမ်းလိုက်ပါ။ ၄၅ မိနစ်လောက်ကြာသွားမှ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။

မိရောနိစ်နဲ့ ထောပတ်သီးနဲ့ ပေါင်းတင်မယ်

မိရောနိစ် တစ်ဖန်ခွက်နဲ့ ကြိတ်ချေပြီးသား ထောပတ်သီး လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများကို ရောပြီးသေချာချေပြီးသွားရင်တော့ ဆံပင်တွေကို အမြစ်ကနေစပြီး တစ်ခေါင်းလုံးနှံ့အောင် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် Shower Cap လေးနဲ့ အုပ်ထားလိုက်ပြီး တစ်နာရီကြာမှ ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းလမ်း ၃ မျိုးထဲက ကြိုက်နှစ်သက်တဲ့ တစ်မျိုးကို ပုံမှန်အသုံးပြုပေးမယ်ဆိုရင်တော့ နူးညံ့ပျောပြောင်းတဲ့ ဆံကေသာအလှကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်နိုင်မှာ အသေချာပါပဲ့။