အားလုံးပဲ မင်္ဂလာပါ။ အေးပြီးခြောက်သွေ့တဲ့ဆောင်းတွင်းက ပုံမှန်ထက် အသားပတ်တာ၊ အသားခြောက်တာတွေဖြစ်တတ်တာမို့ မိတ်ကပ်လိမ်းတဲ့အခါ Dry မဖြစ်သွားအောင် သတိထားဖို့ လိုပါတယ်နော်။ အစိုဓာတ်မရဘဲ အခြောက်မြန်တဲ့ Foundation တွေသုံးမိရင် မိတ်ကပ်သားစိမ့်ဝင်မှုမရှိဘဲ အသားပတ်ပြီး မိတ်ကပ်ထူနေသလို မြင်ရမှာပါ။ ဒါကြောင့်မို့ ဒီလိုရာသီအတွင်း Foundation မိတ်ကပ်တွေ ရွေးချယ်ရာမှာ သိထားသင့်တဲ့နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ Skin Type အားလုံးအတွက်အသုံးဝင်မယ့် Tips လေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

၁။ Foundation မလိမ်းခင် Skincare သေချာလုပ်ပါ


ဆောင်းရာသီအတွက် Foundation မရွေးခင် အောက်ခံ Skincare ကိုလည်း ဆောင်းတွင်းနဲ့အဆင်ပြေတာမျိုး ရွေးသုံးဖို့လိုပါတယ်နော်။ အစိုဓာတ်များပြီး Lightweight ဖြစ်တာတွေသုံးပေးပါ။ အသားပါးကာ ခြောက်သွေ့လွယ်စေမယ့် မျက်နှာ Exfoliate ခဏခဏလုပ်တာမျိုးကိုတော့ ရှောင်ပေးဖို့လိုပါတယ်။ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Cleanser အပျော့တွေ၊ Moisturizer နဲ့ Sunscreen တွေကို Foundation မသုံးခင် ပုံမှန်လိမ်းပေးပါ။

၂။ အသားအရေ Type ကိုပြန်စဉ်းစားပါ


ရာသီဥတုပြောင်းသလို အသားအရေလည်း ပြောင်းလဲနိုင်တာမို့ Foundation မရွေးခင် သင့်ရဲ့လက်ရှိ Skin ပုံစံကို ပြန်စစ်ကြည့်ပါနော်။ လက်တလော အသားအရေပြဿနာတွေအပေါ်မူတည်ပြီး သင့်တော်မယ့် Foundation မျိုးရွေးဖို့လိုပါတယ်။

၃။ Foundation ပုံစံပြောင်းသုံးကြည့်ပါ


သင်က ဆောင်းတွင်းရောက်တိုင်း အသားခြောက်တတ်တဲ့သူဆိုရင် စိမ့်ဝင်မှုနှေးတဲ့ Powder နဲ့ Cream Foundation တွေအစား အစိုဓာတ်ပါတဲ့ အရည် Foundation တွေကိုပြောင်းသုံးသင့်ပါတယ်နော်။ Hydrating ဖြစ်တဲ့ Foundation မျိုးကိုရွေးပြီး မိတ်ကပ်သားညီအောင် ခပ်ပြေပြေလေးလိမ်းပေးပါ။

၄။ Matte အမျိုးအစားတွေရှောင်ပါ


အထူးသဖြင့် Oily Skin ရှိသူတွေက မိတ်ကပ်သိပ်သိပ်လေးဖြစ်ဖို့ Matte Foundation တွေ အသုံးများပါတယ်။ ဒါပေမယ့် ဆောင်းတွင်းမှာဆိုရင် အဆီအရမ်းပြန်တတ်တဲ့ T Zone နေရာတွေကလွဲလို့ ကျန်တဲ့နေရာတွေမှာ မိတ်ကပ်ထူပြီး မိတ်ကပ်သားမညီသလိုမြင်ရတတ်တာမို့ Matte ဖြစ်တဲ့ Powder ၊ Foundation တွေ မလိမ်းတာ အကောင်းဆုံးပါပဲ။

၅။ ရောပြီးသုံးကြည့်ပါ


ဆောင်းတွင်းရောက်ရင် Foundation ပဲသုံးတာထက် Concealer နဲ့တွဲသုံးတာ၊ Moisturizer တွဲလိမ်းတာမျိုးလည်းလုပ်နိုင်ပါတယ်နော်။ အမဲစက်ဖုံးရုံလောက် ပြေပြေလေးလိမ်းချင်ရင် Concealer နဲ့ဖုံးပြီး တွဲလိမ်းနိုင်သလို Glow ဖြစ်တဲ့ Look မျိုးရချင်ရင်တော့ Tinted Moisturizer ပြေပြေလေး လိမ်းတာမျိုးလုပ်ကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar