တချို့အွန်လိုင်းတွေမှာ ချွေးပေါက်တွေကျဥ်းဖို့အတွက် သကြားကိုသုံးလို့ရတဲ့ နည်းလမ်းလေးတွေ မျှဝေကြတာကို မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီနည်းလမ်းက အကျိုးရှိပေမယ့် သင်သုံးတဲ့ သကြားအမျိုးအစားက မမှန်ကန်ဘူးဆိုရင်တော့ ကိုယ်ဖြစ်နေတဲ့ပြဿနာကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။

ချွေးပေါက်တွေ ကျဥ်းချင်ရင်တော့ မိတ်ကပ်လိမ်းတဲ့အခါ ပေါင်ဒါတွေသိပ်ပြီးမသုံးဖို့ပါပဲ။ ဒါမှမဟုတ် မဖြစ်မနေသုံးရမယ်ဆိုရင်လည်း နည်းမှန်လမ်းမှန် သုံးတတ်ဖို့ လိုအပ်ပါတယ်။

ကဲ..ဒါဆိုရင်တော့ ချွေးပေါက်တွေကျဥ်းဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေ မျှဝေပေးထားတဲ့ အကြံပြုချက်တွေကို လေ့လာလိုက်ရအောင်ပါ။

၁။ သကြားရှောင်ပါ

သန့်စင်ထားတဲ့ သကြားနဲ့ ဆီကြော်စာတွေကို အများအပြားစားသုံးခြင်းက ချွေးပေါက်တွေ ပိတ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးစားသုံးမှုတွေဟာ အင်ဆူလင်ပမာဏ မြင့်တက်လာပြီး အဆီထုတ်လုပ်မှုကိုတိုးစေလို့ပါ။ ဒါကြောင့် ဒီလိုသကြားအစား သကြားအညိုက ပိုပြီးသင့်တော်ပါတယ်။

၂။ ဆီစုပ်စက္ကူတွေ မကြာခဏ မသုံးပါနဲ့

ဆီစုပ်စက္ကူတွေဟာ အသားအရေအတွက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်တယ်ဆိုပြီး ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ပြဿနာရဲ့ အဓိက အရင်းအမြစ်ကို မဖယ်ရှားဘဲနဲ့ အပေါ်ယံလေးကိုပဲ ဖြေရှင်းလိုက်သလိုပါပဲ။ ကိုယ့်အသားအရေက လိုအပ်တဲ့အဆီတွေကိုပါ အကုန်ရောပြီး စုပ်သွားစေနိုင်လို့ အဆီ ပိုပိုပြီးထွက်လာစေပါလိမ့်မယ်။

၃။ Green Tea Extract နဲ့ အဆီထုတ်လုပ်မှုကို လျှော့ချပါ

Green Tea Extract ပါဝင်တဲ့ Skincare ပစ္စည်းတွေက အသားအရေကို အေးချမ်းမှုပေးသလို ကာကွယ်ပေးပါတယ်။ အဆီထုတ်လုပ်မှုကို လျော့ကျစေပြီး အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။

အရမ်းအရမ်းကို Sensitive ဖြစ်တတ်တဲ့ အသားအရေပိုင်ရှင်တွေကလွဲပြီး ကျန်တဲ့သူတွေ အကုန်အသုံးပြုနိုင်ပါတယ်။

၄။ တစ်နေ့လုံး အပြင်မှာရှိနေချိန် မိတ်ကပ်ပေါင်ဒါ ပြန်မသုံးပါနဲ့

တစ်နေကုန် မိတ်ကပ်ပေါင်ဒါ ခဏခဏ သုံးမယ်ဆိုရင် ချွေးပေါက်ထဲမှာ ပေါင်ဒါတွေစုဝေးလာပြီး ချွေးပေါက်ပိတ်စေနိုင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်ပေါင်ဒါ အများစုမှာ Talc ပါဝင်တာကြောင့် မျက်လုံးနဲ့ နှာခေါင်းကို ယားယံစေနိုင်ပါတယ်။

နောက်ပြီး မိတ်ကပ်ပေါင်ဒါသုံးမယ်ဆိုရင် ကူရှင်သုံးတာထက် Brush သုံးခြင်းက ချွေးပေါက်ပိတ်တာ နည်းစေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

၅။ Non-comedogenic ဖြစ်တဲ့ အလှကုန်ပစ္စည်းတွေပဲ သုံးပါ

ချွေးပေါက်တွေမပိတ်စေဖို့ Skincare ပစ္စည်းတွေ ဝယ်တဲ့အခါ Non-comedogenic ဟုတ်မဟုတ်ကို သေချာစစ်ပြီးမှ ဝယ်ပါ။ သံလွင်ဆီ၊ အုန်းဆီ၊ shea butter ၊ ကြက်ဆူဆီ၊ jojoba oil စတာတွေက ချွေးပေါက်ပိတ်စေဖို့ ရာခိုင်နှုန်းနည်းပါတယ်။

၆။ Salicylic Acid ပါတဲ့ မျက်နှာသစ်ဆေး အသုံးပြုပါ

ဝက်ခြံတွေကလည်း ချွေးပေါက်တွေပိတ်စေနိုင်ပါတယ်။ Salicylic Acid ပါတဲ့ မျက်နှာသစ်ဆေးက ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပြီး တချို့မျက်နှာသစ်ဆေးတွေဆို နူးညံ့လွန်းလို့ နေ့တိုင်းတောင် သုံးပေးနိုင်ပါတယ်။ ဒါပေမယ့် အညွှန်းကိုတော့ အရင်ဖတ်ဖို့ လိုမယ်နော်။