တိုးတက်အောင်မြင်ဖို့၊ ကျရှုံးဖို့ဆိုတာ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ရမှာဖြစ်လို့ အကောင်းအဆိုးဆိုတာလည်း ကိုယ့်လုပ်ရပ်ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် သင့်ဘဝကို အကောင်းဆုံးတွေဖြစ်အောင် တည်ဆောက်တော့မယ်ဆိုရင် အခြေခံလိုအပ်တဲ့ ဒီအရာလေးမျိုးကို လိုက်နာကျင့်သုံးဖို့တော့ လိုမယ်နော်။

ယုံကြည်မှုရှိဖို့

အရေးအကြီးဆုံးအရာကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။ အားငယ်စိတ်၊ သိမ်ငယ်စိတ်၊ ပျော့ညံ့တဲ့စိတ်တွေ ရှိနေလို့ လုံးဝမရပါဘူး။ ဘာမဆိုငါလုပ်နိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတဲ့စိတ်၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်၊ ယုံကြည်တဲ့စိတ် အပြည့်သွင်းထားမှ ရှေ့ဆက်လို့ရမှာပါ။

ရည်မှန်းချက်

ဘဝအတွက် ရည်မှန်းချက်ထားဖို့ လိုပါတယ်။ ရည်မှန်းချက်မရှိတဲ့သူက အောင်မြင်မှုလမ်းစပျောက်နေတဲ့သူပါပဲ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သိအောင်လုပ်ပါ။ ကိုယ့်ဘဝအတွက် ရည်မှန်းချက်ခိုင်ခိုင်မာမာထားပြီး ဖြစ်အောင်လုပ်ရပါမယ်။

အကောင်အထည်ဖော်ဖို့

ရည်မှန်းချက်ရှိပြီဆိုရင် ဖြစ်လာအောင် အကောင်အထည်ဖော်ပါ။ ကြိုးစားပါ။ ကိုယ့်ရည်းမှန်းချက်အတိုင်းမဖြစ်မချင်း ကြိုးစားဖို့လိုပါမယ်။ အရာရာကို လေ့လာသင်ယူပါ။ မပျင်းပါနဲ့။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက ကိုယ့်ဘဝကို အများကြီးပြောင်းလဲပေးပါလိမ့်မယ်။

စိတ်ဓာတ်မာကျောဖို့

တစ်ခုခုလုပ်ပြီဆိုရင် အောင်မြင်တာနဲ့ ကျရှုံးတာ နှစ်မျိုးပဲရှိပါတယ်။ အဓိကနှလုံးသွင်းထားရမှာက ကျရှုံးလည်း ပြန်ထပြီးကြိုးစားမယ်ဆိုတဲ့စိတ်ပဲ။ တစ်ခါပဲ ကြိုးစားခွင့်ရှိတာမဟုတ်ဘူးလေ။ ကိုယ်အသက်ရှိနေသရွေ့တော့ လဲကျတိုင်း ပြန်ထလို့ရတယ်။ ဒီတော့ ကိုယ်လုပ်ရမှာက ဘယ်အရာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်ပဲလုပ်။ အောင်မြင်အောင် အစွမ်းကုန်ကြိုးစား။ ကျရှုံးသွားရင် ပြန်ထပြီး အရင်ထက်နှစ်ဆ ပိုကြိုးစား။ ဘာမှားလဲဆိုတာကို အမြဲပြန်ဆန်းစစ်ပြီး ပြင်နိုင်အောင်လုပ်။ စိတ်ဓာတ်မာကျောတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နေလိုက်ဖို့ပဲနော်။

Source: www.sugarloco.com