မိန်းကလေးတွေဟာ မိတ်ကပ်နဲ့ပတ်သက်လာပြီဆိုရင် ဘယ်တော့မှ ပျင်းလည်းမပျင်းတတ်၊ စိတ်လည်းမရှုပ်တတ်ကြပါဘူး။ မိတ်ကပ်လိမ်းခြင်းကသာလျှင် သူတို့ကို စိတ်ချမ်းမြေ့စေတယ်၊ အများသူငါအမြင်မှာ ကြည့်ကောင်းစေတယ်လို့ ယူဆကြလို့ အမြဲမပြတ်လိမ်းခြယ်ကြပါတယ်။ ဒါပေမယ့်လည်း အချို့မိန်းကလေးတွကတော့ မိတ်ကပ်ကို နည်းနည်းလေးဖြစ်စေ၊ လုံးဝမလိမ်းထားရင်ပဲဖြစ်စေ လှပနေတတ်ပါတယ်။

မိတ်ကပ်မလိမ်းလည်း သဘာဝအတိုင်းလေးလှနေစေနိုင်မယ့် အသုံးဝင်တဲ့နည်းလမ်းကောင်းလေးတွေကို ရှာတွေ့ထားလို့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်နော်။

ကိုယ့်ကိုကိုယ် ချစ်တတ်ပါ

အခြားသူများ ဘယ်လိုပဲတွေးနေပါစေ ကိုယ့်ကိုကိုယ်ချစ်တတ်ပါ။ ဘယ်သူတွေဘာပြောပြော သင်ဟာလှပြီးသားပါ။ လူတစ်ဦးနဲ့တစ်ဦးက ဘယ်လိုမှမတူလို့ ကိုယ့်ကိုကိုယ် အခြားသူနဲ့ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ပျော်ရွှင်နေတတ်ပြီး အကောင်းမြင်တတ်သူရဲ့ သွင်ပြင်သဘောထားဟာ အမြဲတစေ ကြည့်ကောင်းနေပါတယ်။

ရေလုံလုံလောက်လောက်သောက်သုံးပါ

သဘာဝအတိုင်း ကြည့်ကောင်းလိုတယ်ဆိုရင်တော့ ရေကိုဘယ်တော့မှ လက်မလွှတ်ပါနဲ့။ တနေ့လျှင် ရေကို ခြောက်ခွက်မှ ရှစ်ခွက်အထိ မှန်မှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ထိုအခါ အသားအရေလေးဟာလည်း နဂိုမူလထက်ပိုပြီး ကြည့်ကောင်းလာမှာဖြစ်ပါတယ်။

ကျန်းမာညီညွတ်တဲ့ Diet ပုံစံ

ကိုယ်စားသုံးလိုက်တဲ့ အစားအစာတွေက ကိုယ့်ရဲ့ကျန်းမာရေးနဲ့ နေထိုင်ကောင်းဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ကိုက်လံ၊ ငရုတ်ပွသီး၊ သစ်ကြားသီး၊ ကမာ၊ ပဲနို့၊ အယ်လ်မွန်စေ့၊ ကီဝီ၊ လိမ္မော်သီး၊ ဖရုံသီးစတာတွေက အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသားအရေကို ဝင်းလက်လာစေမှာဖြစ်ပါတယ်။

 ဂျေးချွတ်ပါ

အသားအရေကို သဘာဝအတိုင်းဝင်းလက်နေစေချင်ရင်တော့ ဂျေးချွတ်ပေးပါ။ ခြောက်သွေ့ပျက်စီးကြမ်းတမ်းနေတဲ့ အသားအရေကို ဖယ်ရှားနိုင်ရုံသာမက သွေးလည်ပတ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။

အသားအရေကို စိုပြေမှုရှိစေပါ

နေ့စဉ်နေ့တိုင်း အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးတဲ့ အကျင့်ကို ပြုကျင့်ပါ။ သံလွင်ဆီ၊ ပျားရည်၊ ထောပတ်ထုတ်ယူပြီး နို့ရည်၊ အုန်းဆီတို့ကို အသုံးပြုပေးမယ်ဆိုရင် အသားအရေကို ငယ်ရွယ်နုပျိုစေပြီး ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းတွေ

မလှုပ်မရှားဘဲနေတာက ကိုယ်အလေးချိန်ကိုတက်စေရုံသာမက ကျန်းမာရေးကိုလည်း ဆိုးရွားမှုတွေဖြစ်လာစေပါတယ်။ ဒါကြောင့် တရားထိုင်၊ လေ့ကျင့်ခန်း၊ ရေကူး၊ စက်ဘီးစီး၊ ရွရွပြေးခြင်းတို့ကို လုပ်ပေးဖို့လိုအပ်ပြီး တနေ့ကို နာရီဝက်လုပ်ပေးရုံနဲ့ သိသာမှုတွေကို မြင်တွေ့လာရမှာပါ။

ဆံကေသာထိန်းသိမ်းမှု

အသားအရေသာမက ဆံကေသာကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးဖို့လိုပါတယ်။ ခေါင်းလိမ်းဆီလိမ်းပေးတာတွေ၊ ဆံပင်ပေါင်းတင်တာတွေ စတဲ့အကျိုးရှိမယ့် နည်းလမ်းလေးတွေကို လုပ်ပေးပြီး ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေ အသုံးပြုခြင်းကို တတ်နိုင်သလောက် ရှောင်ပါ။

မျက်နှာသစ်ဆပ်ပြာအသုံးပြုပါ

အပြင်သွားတဲ့အခါ အသားအရေမှာ ကပ်ညှိလာတဲ့ ဖုန်၊ အညစ်အကြေးတွေနဲ့ အခြားဓာတုဓာတ်ပစ္စည်းတွေကို မသန့်ရှင်းဘဲ ထားလိုက်မယ်ဆိုရင် တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်၊ ယားယံမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ဆပ်ပြာကို မနက်တစ်ခါ၊ ညအိပ်ခါနီးတစ်ခါ အသုံးပြုပေးဖို့ လိုပါတယ်။

ဒါ့အပြင် အပြင်ထွက်တဲ့အခါမှာလည်း နေလောင်ဒဏ်မှ ကာကွယ်ဖို့ရန်အတွက် ဘယ်လိုရာသီဥတုဖြစ်နေပါစေ နေလောင်ခံခရင်မ်ကို အမြဲသတိတရနဲ့ လိမ်းပေးပါ။