ဆံကေသာ ကျန်းမာသန်စွမ်းခြင်းက လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ၊ စားသောက်နေထိုင်မှုပုံစံ စတဲ့ အကြောင်းအရာမျိုးစုံနဲ့ ဆက်စပ်နေတာပါ။ မျိုးရိုးဗီဇကတော့ ပြုပြင်လို့မရပေမယ့် စားသောက်နေထိုင်မှုပုံစံကတော့ ပြုပြင်လို့ရပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းဖြင့် ဆံကေသာကျန်းမာသန်စွမ်းနိုင်သလို အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်လည်း ဆံပင်အရှည်မြန်မှာပဲဖြစ်ပါတယ်။

ကြက်ဥအနှစ်

ကြက်ဥအနှစ် ၂ လုံးကို သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သမအောင်ရောနှောလိုက်ပါ။ ထို့နောက် ဆံကေသာနဲ့ ဦးရေပြားပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။ သုတ်လိမ်းပြီးနောက်မှာ ခေါင်းဘီးနဲ့ ဖြီးပေးပြီးနောက် မိနစ် ၃၀ ခန့် စောင့်ပါ။ အချိန်ပြည့်မှ မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ Conditioner အသုံးပြုပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကို တစ်ပတ် တစ်ကြိမ်၊ တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

ပိုးထည် ခေါင်းအုံးစွပ် အသုံးပြုပါ

အိပ်ပျော်နေစဉ်မှာ ဆံကေသာနဲ့ ခေါင်းအုံစွပ်က မကြာခဏပွတ်တိုက်မှု ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မနက်နိုးလာတဲ့အခါ ဆံပင်တွေ ဖွာလန်ကြဲပြီး ငှက်သိုက်လိုဖြစ်နေတာပါ။ ဒီလိုပွတ်တိုက်မှုဖြစ်ပွားခြင်းက ဆံကေသာကိုလည်း အားနည်းစေပါတယ်။ ဒါ့ကြောင့် ချည်ထည် ခေါင်းအုံးစွပ်အစား ပိုးသားနဲ့ ရက်လုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေကို အသုံးပြုပေးပါ။

အပူပေးစက်များ အသုံးမပြုပါနဲ့

ခေါင်းလျှော်ပြီးပြီဆိုတာနဲ့ အမြန်ခြောက်ချင်ဇောများပြီး ဆံပင်လေမှုတ်စက်နဲ့ လေမှုတ်ခြင်းက ဆံကေသာတွေကို ကြမ်းတမ်းပျက်စီးစေပါတယ်။ သဘာဝလေနဲ့ပဲ ခြောက်သွေ့သွားပါစေ။ တဘက်နဲ့ ခေါင်းသုတ်တဲ့အခါမှာလည်း အကြမ်းပတမ်းမပွတ်တိုက်ဘဲ ခပ်ဖွဖွလေးပဲ သုတ်ပေးရပါမယ်။ ဆံပင်တွေ ရေစိုနေတဲ့အချိန်က သာမန်အချိန်ထက် ပိုပြီး အားနည်းထိခိုက်လွယ်တတ်လို့ပါပဲ။

နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

အသန့်အကြိုက်လွန်ပြီး နေ့တိုင်းခေါင်းလျှော်မယ်ဆိုရင်တော့ ဦးရေပြားခြောက်သွေ့သွားပြီး ဆံကေသာတွေလည်း ကြမ်းတမ်းပျက်စီးတတ်ပါတယ်။ ဆံပင်မွှေးညှင်းပေါက်လေးတွေကလည်း ဆံကေသာကို လုံလောက်တဲ့အာဟာရတွေ မပေးပို့နိုင်တော့တာကြောင့် ဆံပင်အရှည်နှေးသွားတတ်ပါတယ်။

အခုဖော်ပြပေးတဲ့ ဆောင်ရန်ရှောင်ရန် နည်းလမ်းလေးတွေကို လိုက်နာပေးမယ်ဆိုရင်တော့ ဆံပင် မြန်မြန်ရှည်လာမှာပဲဖြစ်ပါတယ်။