ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ဆံသားကို ဘယ်လောက်ပဲဂရုစိုက်မှုတွေလုပ်လုပ် ဘာမှထူးမလာဘူးလို့ခံစားရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ဆံသားဂရုစိုက်နည်းလမ်းတွေကို ပြန်လည်ဆန်းစစ်ဖို့လိုနေပါပြီနော်။ ရေပန်းစားနေတဲ့ ဆံသားပြုပြင်ရေးနည်းတွေက အချို့လူတွေနဲ့ အဆင်ပြေတယ်ဆိုပေမယ့် သင်အတွက် အဆင်ပြေချင်မှပြေမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဆံပင်ပုံစံတွေလည်း ကွဲပြားကြတာမို့ ကိုယ့်ဆံပင်အမျိုးအစားနဲ့ အဆင်ပြေမယ့်ထိန်းသိမ်းနည်းတွေကို သိထားဖို့လိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ အချိန်ကြာလာတဲ့အခါ သင့်ဆံသားကို ပိုပြီးပျက်စီးစေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ကိုယ့်ဆံပင်ပုံစံနဲ့အညီ ပြုလုပ်ပေးရမယ့် မှန်ကန်တဲ့ထိန်းသိမ်းဂရုစိုက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်အဖြောင့်


ဆံပင်အဖြောင့်က ရှင်းရအလွယ်ဆုံးဆံပင်ပုံစံဖြစ်ပြီး ဆံသားအတွက်လိုအပ်တဲ့ သဘာဝအဆီတွေကို ဦးရေပြားကနေ ဆံပင်အဖျားအထိ အညီအမျှရောက်စေပါတယ်။ ဆံသားအဆီသိပ်မပြန်တဲ့ ဆံပင်ဖြောင့်သူတွေအနေနဲ့ ခြောက်သွေ့ကြမ်းတမ်းမှုမရှိစေဖို့ အမြုပ်ထွက်များပြီး ကြေးချွတ်အာနိသင်ပါတဲ့ ခေါင်းလျှော်ရည်တွေကိုရှောင်ပေးပါ။ ခေါင်းကို တစ်ပတ်နှစ်ခါထက်ပိုပြီး မလျှော်သင့်ပါဘူး။


ဆံပင်အဖြောင့်ကိုမှ အဆီပြန်တတ်တဲ့ ဆံသားရှိသူတွေကတော့ မလိုအပ်တဲ့အဆီတွေဖယ်ရှားဖို့ အမြုပ်ထွက်များတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုနိုင်ပါတယ်။ အစိုဓာတ်အတွက် အုန်းဆီ နဲ့ Argan Oil တွေလိမ်းပေးပါ။ ဆီနဲ့ Conditioner တွေသုံးတဲ့အခါ ဦးရေပြားနဲ့ခပ်ဝေးဝေးကနေ ဆံပင်အဖျားပိုင်းအထိ လိမ်းပေးဖို့လိုပါတယ်။ ဦးရေပြားနဲ့နီးကပ်တာက သင့်ဆံပင်ကိုအချိန်တိုအတွင်း စေးကပ်စေတာကြောင့်ပါ။

လှိုင်းတွန့်ဆံပင်


ဆံသားအဖျားပိုင်း လှိုင်းတွန့်အကောက်ရှိသူတွေက ဆံသားကိုပုံမှန်ဂရုစိုက်မှုရှိဖို့အရမ်းအရေးကြီးပါတယ်။ မကောက်မဖြောင့်တဲ့ဆံသားမျိုးဖြစ်ပြီး သေချာမထိန်းသိမ်းတဲ့အခါ ဦးရေပြားပိုင်း ဆံသားစေးကပ်ပြီး အဖျားပိုင်းမှာတော့ ခြောက်သွေ့လာတတ်ပါတယ်။


လှိုင်းတွန့်ဆံသားရှိသူတွေက သုံး၊ လေး ရက်တစ်ခါခေါင်းလျှော်ပေးဖို့လိုပြီး ဆံသားအဖျားပိုင်းတွေရှင်းရမခက်အောင် ဆံပင်ပျော့ဆေးနဲ့ အမွှေးနုခေါင်းသုတ်ပဝါတွေကိုသုံးပေးပါ။ ခေါင်းမလျှော်ခင်တစ်နာရီ (သို့) ခေါင်းလျှော်ပြီးအချိန်မှာ သံလွင်ဆီ၊ အုန်းဆီနဲ့ Jojoba အဆီတို့ကို လိမ်းပေးနိုင်ပါတယ်။ အုန်းဆီက ဆံသားရဲ့ ဆုံးရှုံးသွားတဲ့ပရိုတင်းကို ပြန်လည်ရစေပြီး သံလွင်ဆီက သင့်ဦးရေပြားပြဿနာတွေကိုဖြေရှင်းပေးပါလိမ့်မယ်။ Jojoba အဆီကလည်း နေဒဏ်နဲ့လေကြောင့်ဖြစ်တဲ့ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကိုသက်သာစေပြီး အစိုဓာတ်ပြည့်ဝစေပါတယ်။

ဆံပင်အကောက်


ဆံပင်အကောက်တွေက ဆံလုံးကြီးပြီး ခြောက်သွေ့ရှုပ်ထွေးလွယ်တတ်ပါတယ်။ ပြုစုရခက်တဲ့ ဆံပင်ပုံစံမျိုးဖြစ်ပြီး အဖျားပိုင်းတွေမှာ ဆံသားအတွက်လိုအပ်တဲ့ သဘာဝအဆီမျှမျှတတမရရှိတာကြောင့် ခြောက်သွေ့မှုနဲ့အဖျားနှစ်ခွတွေပိုဖြစ်တတ်ပါတယ်။ ဆံသားခြောက်သွေ့ခြင်းကိုကာကွယ်ဖို့ ခေါင်းလျှော်ရည်အပျော့တွေကိုအသုံးပြုပေးပြီး တစ်ပတ်နှစ်ကြိမ်ခန့်သာ အများဆုံးခေါင်းလျှော်ပေးသင့်ပါတယ်။


ဆံသားအကောက်တွေက အမြဲအစိုဓာတ်ရနေဖို့လည်း အရေးကြီးတာကြောင့် ခေါင်းလျှော်တဲ့အခါတိုင်းမှာ အစိုဓာတ်ပေးတဲ့ ပေါင်းဆေးတစ်မျိုးပုံမှန်သုံးပေးပါ။ တစ်ခါတစ်ရံ ပေါင်းဆေးတစ်မျိုးထဲနဲ့ ခေါင်းလျှော်တာမျိုးလည်းပြုလုပ်နိုင်ပါတယ်။ ဆံပင်အကောက်က နူးညံ့ပြီး ပြတ်ကျလွယ်တာကြောင့် ခေါင်းဖြီးတဲ့အခါမှာလည်း အသွားကျဲတဲ့ ဘီးတွေကိုအသုံးပြုပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar