အားလုံးပဲ မင်္ဂလာပါ။ ပျိုမေလေးတို့ရေ…ဘယ်လိုအခြေအနေ ဘယ်လိုရာသီမျိုးမှာပဲဖြစ်ဖြစ် လက်သည်းလေးတွေက ကျိုးလွယ် ပဲ့လွယ်နေပါသလား။ သူများတွေ လက်သည်းရှည်လေးတွေထားပြီး လက်သည်းနီလှလှလေးတွေဆိုးထားချိန်မှာ ကိုယ်ကတော့ ခဏခဏကျိုးနေလို့ စိတ်ညစ်နေရပြီပေါ့။

ဒီလိုမျိုး လက်သည်းဝါညစ်ညစ်ဖြစ်တာတွေ ရှောင်ရှားပြီး ပြီးပြည့်စုံတဲ့ လက်သည်းခွံလှလှလေးတွေရအောင် ပျိုမေလေးတိုင်းသိထားသင့်တဲ့ အလှအပလျှို့ဝှက်ချက်လေးတွေကို ပြောပြပေးမယ်နော်။

၁။ လက်အိတ်ဝတ်ပါ။

ပန်းကန်ဆေးတဲ့အခါတိုင်း၊ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါတိုင်း ပြင်းထန်တဲ့ ဓာတုဓာတ်ပစ္စည်းတွေ၊ အပူချိန်တွေနဲ့ လက်သည်းလေးတွေထိတွေ့ခြင်းမရှိရလေအောင် လက်အိတ်လေးတွေ အမြဲဝတ်ပေးပါ။

၂။ လက်သည်းတိုတိုထားပါ။

ပျက်စီးသွားတဲ့လက်သည်းလေးတွေ အသစ်ပြန်ရှည်လာစေဖို့အတွက် အနည်းဆုံး ၃ လကြာပါတယ်။ ဒီလိုအချိန်ကြာကြာစောင့်ဆိုင်းထားရတဲ့ လက်သည်းလေးတွေ နောက်တစ်ကြိမ်ပျက်စီးမသွားစေဖို့ အတိုပဲထားပေးပါ။

၃။ အောက်ခံလက်သည်းနီသုံးပါ။

ပုံမှန်အားဖြင့်တော့ လက်သည်းနီကို သေသေချာချာလေးဆိုးပေးလေ့ရှိတယ်ဆိုပေမယ့် အလုပ်တွေရှုပ်လာပြီဆိုရင်တော့ ဟိုအလွှာ၊ ဒီအလွှာတွေမဆိုးနိုင်တော့ဘဲ လက်သည်းနီသာမြန်မြန်ဆိုးလိုက်ကြပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ အောက်ခံတစ်ထပ် ဆိုးပေးခြင်းက လက်သည်းလေးတွေကို သန်မာစေပါတယ်။

၄။ အစိုဓာတ်ထိန်းသိမ်းပါ

လက်အတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းခရင်မ်တွေက အသားအရေတစ်ခုတည်းအတွက်သာမဟုတ်ဘဲ လက်သည်းလေးတွေအတွက်ပါ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် Hand Cream ကို လက်ပေါ်လိမ်းတဲ့အခါ လက်သည်းလေးတွေကိုလည်း သေချာနှိပ်ပြီးလိမ်းပေးပါ။

၅။ ကျန်းမာစွာစားသုံးပါ

ကိုယ့်ရဲ့လက်သည်းလေးတွေ သန်မာကြည့်ကောင်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာလေးတွေ စားပေးရပါမယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေ၊ ပရိုတင်းဓာတ်တွေကို များများစားပါ။ ဒါ့အပြင် ရေလည်း လုံလုံလောက်လောက် သောက်ပေးရမှာဖြစ်ပါတယ်။

၆။ ဖြည့်စွက်အားဆေးတွေ

ခန္ဓာကိုယ်အတွက်သာမဟုတ်ဘဲ လက်သည်းလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဖြည့်စွက်အားဆေးတွေလည်းရှိတာကြောင့် မမေ့မလျော့ဘဲ အသုံးပြုပေးပါနော်။

၇။ လက်သည်းနီဆိုးခြင်းကိုလျော့ပါ။

အချိန်ပြည့် လက်သည်းနီတွေဆိုးထားမယ်ဆိုရင်တော့ ရပ်လိုက်ဖို့ အကြံပြုပါရစေ။ တစ်လတန်သည်ဖြစ်စေ ဒီ့ထက်ကြာသည်ဖြစ်စေ လက်သည်းနီတွေမဆိုးဘဲ ဒီအတိုင်းလေးထားပေးကာ အပေါ်ကအချက်တွေအတိုင်း လက်သည်းကို ဂရုစိုက်ပါ။

Source: herbeauty.co

Featured Image Source: AlexandrasGirlyTalk