မွေးရာပါ ဆံပင်ကောက်တဲ့သူတို့ရဲ့ အားသာချက်ကတော့ သူ့တို့ရဲ့ ဆံပင်ကောက်ကောက်လေးတွေက သူတို့ကို ပိုပြီး ဆွဲဆောင်မှုရှိစေတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နဂိုကောက်တွေက ရှားလို့ပဲဖြစ်ပါတယ်။

သူတို့ရဲ့အားနည်းချက်ကတော့ ဆံပင်ကို ထိန်းထိန်းသိမ်းသိမ်းမရှိဘဲ ပစ်ထားလိုက်ပါက ပိုသီပတ်သီနဲ့ ငှက်သိုက်တောင် အရှုံးပေးလောက်ရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒီလိုမွေးရာပါ ဆံပင်ကောက်တဲ့သူတို့အတွက် ဆံကေသာမပျက်စီးအောင်၊ အလန်းစားဆံပင်ကေလေးကို အမြဲတမ်းပိုင်ဆိုင်ရအောင် ကူညီပေးမယ့် နည်းလမ်းကောင်းတချို့ရှိပါတယ်။

Shampoo နဲ့ Conditioner ရွေးချယ်တဲ့အခါ

ဆံပင်အစိုဓာတ် ထိန်းပေးတဲ့ ပါဝင်ပစ္စည်းများနဲ့ ထုတ်လုပ်ထားပြီး ဆံကေသာကို ကြမ်းတမ်းမသွားစေမယ့် ခေါင်းလျှော်ရည်နဲ့ Conditioner များ ရွေးချယ်ပါ။

ဥပမာအားဖြင့် သဘာဝဆီမွှေးများ၊ အုန်းဆီ၊ သံလွင်ဆီ စသည်တို့ဖြင့် ဖော်စပ်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်များဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်နှင့် Glycerine တို့သည်လည်း ဆံပင်အစိုဓာတ်ထိမ်းပေးဖို့အတွက် အထူးကောင်းမွန်ပါတယ်။

ခေါင်းလျှော်ပြီးတဲ့နောက်မှာ

တတ်နိုင်သမျှ ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပါ။ ဆံပင်လေမှုတ်စက်ဖြင့် အခြောက်ခံခြင်းသည်လည်း ဆံပင်ကို အပူနဲ့များများ ထိတွေ့စေတာကြောင့် ဆံပင်ပျက်စီးလွယ်ပါတယ်။

နောက်ဆုံးမတတ်နိုင်တဲ့အဆုံးကျမှ လေမှုတ်စက်အသုံးပြုပါ။ အသုံးပြုတဲ့အခါမှာလည်း နည်းမှန်လမ်းမှန်အသုံးပြုဖို့ လိုအပ်ပါတယ်။

မကြာခဏ ခေါင်းလျှော်ခြင်း

နေ့စဉ်ရက်ဆက် ခေါင်းလျှော်ခြင်းကိုလည်း ရှောင်ကြည်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆံပင်ကောက်သူတွေက အခြားသောသူတွေထက် ဆံပင်ခြောက်သွေ့ကြမ်းတမ်းလွယ်လို့ပဲ ဖြစ်ပါတယ်။ အမြဲတမ်းခေါင်းလျှော်တဲ့အခါ ဦးရေပြားပေါ်က သဘာဝအဆီများ ကုန်ခမ်းသွားတတ်ပါတယ်။

ခေါင်းဘီး ရွေးချယ်တဲ့အခါ

ဘီးစိပ် မရွေးဘဲ ဘီးကျဲ အသုံးပြုကာ ခေါင်းဖြီးပေးရပါမယ်။ ဘီးစိပ်စိပ်ဖြင့် ခေါင်းဖြီးတဲ့အခါ ဆံပင်များငြိပြီး ရှုပ်ထွေးသွားကာ ပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် ဘီးကျဲကျဲနဲ့သာ ခေါင်းဖြီးပေးလိုက်ပါ။

ချည်သားခေါင်းအုံးစွပ်များအစား ပိုးသားခေါင်းအုံးစွပ်များကို အသုံးပြုပါ

ချည်သားခေါင်းအုံးစွပ်ပေါ်မှာ အိပ်တဲ့အခါ ဆံပင်နဲ့ ခေါင်းအုံးစွပ်အကြား ပွတ်တိုက်မှု များများဖြစ်ပေါ်ပြီး ဆံပင်များ ကျိုးကြေပျက်စီးသွားပါတယ်။ ပိုးသားခေါင်းအုံးစွပ်ကတော့ ဆံပင်ကျန်းမာစေတာကြောင့် ခေါင်းအုံးစွပ်ကို ပိုးသားခေါင်းအုံးစွပ်သာ အသုံးပြုပေးပါ။