ဆံပင်ရှည်ထားမယ်လို့ စိတ်ကူးရှိပါသလား။ ဆံပင်ရှည်ထားဖို့ဆိုရင် တော်ရုံစိတ်ရှည်ရုံနဲ့ မရပါဘူး။ ဆံပင်ရှည်နှုန်းမြန်ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားရဖို့အတွက် အရည်အသွေးကောင်းမွန်တဲ့ ဆံသားထိန်းသိမ်းခြင်းကို ဂရုတစိုက်လိုက်နာဖို့ လိုသလို နေ့စဉ်နေထိုင်မှုပုံစံတွေပါ ပြောင်းလဲဖို့လိုမှာပါ။ ဒီနေ့ပြောပြပေးမှာက ဆံပင်ရှည်ထားချင်တဲ့သူတို့အတွက် ဆံပင်အမြန် ရှည်လျားသန်စွမ်းဖို့လိုက်နာရမယ့် ဆံသားထိန်းသိမ်းခြင်းဆိုင်ရာ အကြံပြုချက်တွေပဲဖြစ်ပါတယ်။

(၁) မှန်ကန်တဲ့ ခေါင်းလျှော်ရည်နှင့် ဆံပင်ပျော့ဆေးကိုသုံးပါ

Shampoo နဲ့ Conditioner ရွေးချယ်တဲ့အခါ ဆံပင်ရှည်လျားသန်စွမ်းမှုကို အဟန့်အတားဖြစ်စေမယ့် Silicone ပါဝင်တဲ့ ခေါင်းလျှော်ရည်နှင့် ဆံပင်ပျော့ဆေးတွေကို အတက်နိုင်ဆုံးရှောင်ပေးဖို့ အကြံပြုချင်ပါတယ်။

အကောင်းဆုံးကတော့ သင့်ဆံပင်နဲ့သင့်တော်မှုရှိတဲ့ သဘာဝပစ္စည်းတွေကို အခြေခံထားတဲ့ ခေါင်းလျှော်ရည်နှင့် ဆံပင်ပျော့ဆေးတွေကို သုံးသင့်ပါတယ်။

(၂) ရေအေးဖြင့်သာ ခေါင်းလျှော်ပါ

ခေါင်းလျှော်မယ်ဆိုရင် ရေပူကိုမသုံးပဲ ရေအေးနဲ့သာ ခေါင်းလျှော်သင့်ပါတယ်။ ဘာလို့ဆို ရေပူက ဆံသားထဲက သဘာဝအဆီတွေကိုစုပ်ယူသွားစေပြီး ဆံပင်များကို ပိုမိုကြွပ်ဆတ်ပျက်စီးစေနိုင်ပါတယ်။ ပုံမှန်အပူချိန်မှာရှိတဲ့ ရေအေးနဲ့ခေါင်းလျှော်ခြင်းကသာ အကောင်းဆုံးဖြစ်ပြီး ဆံသားအစိုဓာတ်ကို ထိန်းပေးကာ ဦးရေပြားအေးမြစေမှာဖြစ်ပါတယ်။

(၃) ဆီလိမ်း နှိပ်နယ်ပေးပါ

ဆံပင်သန်စွမ်းနက်မှောင်ဖို့ဆိုရင် ဦးရေပြားကို ဆီးတစ်ခုခုလိမ်းပြီး နှိပ်နယ်ပေးဖို့လည်း လိုအပ်ပါတယ်။ သံလွင်ဆီ ၊ အာဂွန်ဆီနဲ့ အုန်းဆီတို့ကို အသုံးပြုပြီး ဦးရေပြားကို နှိပ်နယ်ပေးနိုင်ပါတယ်။ ဦးရေပြားအနှံ့ ၁၀ မိနစ်လောက် ညင်ညင်သာသာနှိပ်နယ်ပေးပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျော်ချလိုက်လို့ရပါပြီ။

(၄) ဆံပင်ဂရုတစိုက် ဖြီးပေးပါ

ဆံပင်ရှည်နှုန်းမြန်စေပြီး ဆံသားကျန်းမာသန်စွမ်းစေဖို့ဆို ဆံပင်ဖြီးခြင်းက အထောက်အကူပြုပါတယ်။ ဆံပင်ဖြီးတဲ့အခါ ဆံသားကထွက်တဲ့ သဘာဝအဆီတွေက ဆံပင်တစ်ချောင်းချင်းစီအနှံ့ အဆီများပျံ့နှံ့စေပြီး ဆံပင်သန်စွမ်းမှုကို ဖြစ်စေမှာပါ။ အလွန်အကျွံမဖြစ်စေဖို့နဲ့ ခေါင်းလျော်ပြီးရေစိုနေချိန်မှာမဖြီးဖို့တော့ အကြံပြုချင်ပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်ဆံပင်ဖြီးပေးမယ်ဆိုရင် လုံလောက်ပါပြီ။

(၅) ဆံပင်ပုံမှန်တိပေးပါ

ဆံပင်ပုံမှန်တိပေးခြင်းက ပျက်စီးနေတဲ့ဆံသားတွေကိုဖယ်ရှားပေးရာရောက်ပြီး ဆံပင်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဆံပင်တဖြေးဖြေးရှည်လာတာနဲ့အမျှ ဆံသားများက ကြွပ်ဆတ်ပျက်စီးလွယ်လာစေပါတယ်။ ဆံပင်ပုံမှန်တိပေးမယ်ဆိုရင်တော့ ဆံပင်ပျက်စီးမှုကို လျော့နည်းစေပြီး ဆံပင်ရှည်လျားသန်စွမ်းစေမှာပါ။ ဆံပင်ရှည်ထားမယ်ဆို အနည်းဆုံး တစ်နှစ်ကို ၃ ခါလောက်တော့ ဆံပင်ပုံမှန်တိပေးဖို့ လိုပါတယ်။

(၆) ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းပါ

စိတ်ဖိစီးမှုများခြင်း၊ အာဟာရမမျှတခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတွေဟာသင်ရဲ့ဆံပင်ကြီးထွားသန်စွမ်းမှုကို နှေးကွေးစေနိုင်ပါတယ်။ ကျန်းမာသန်စွမ်းသောဆံပင်ရှည်ထားချင်တယ်ဆိုရင်တော့ ကျန်းမာတဲ့လူနေမှုပုံစံရဖို့ အပြောင်းအလဲအချို့ပြုလုပ်ရမှာပါ။ စိတ်ဖိစီးမှုလျော့ချတာ ၊ ဗိုက်တာမင်ကြွယ်ဝတဲ့အစားအစာတွေ မျှတညီညွတ်အောင်စားတာ ၊ ရေများများသောက်တာ ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာ ၊ အိစက်တဲ့ခေါင်းအုံးအသုံးပြုပြီး အိပ်ရေးဝဝအိပ်စက်တာ စသည်ဖြင့် ကျန်းမာတဲ့နေထိုင်မှုပုံစံအသစ်ကိုပါ စတင်ပြောင်းလဲနေထိုင်ရမှာဖြစ်ပါတယ်။