Relationship တစ်ခုကို အဆုံးသတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ချက်ချင်း ဆုံးဖြတ်ချက်ချပြီး စိတ်လိုက်မာန်ပါလုပ်လို့လည်း မရပြန်ပါဘူး။ သို့သော် နှစ်ယောက်လုံးမှာ ထိခိုက်နာကျင်မှုတွေရှိပြီး လမ်းခွဲသင့်လား မသင့်လား ဝေခွဲရခက်နေတယ်ဆိုရင် အောက်ပါအချက်တွေကို ဖတ်ကြည့်ပါ။ ဒီအချက်တွေအတိုင်း ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့အချစ်ရေးကို အဆုံးသတ်ဖို့ စတင်စဉ်းစားသင့်ပါပြီ။

(၁) ရိုးသားမှုမရှိတော့ဘူးဆိုရင်

သစ္စာဖောက်တာ ရှုပ်ပွေတာတွေဟာ ယောကျာ်းလေးအများစုလုပ်တာလို့ သတ်မှတ်ထားလို့မရတော့ပါဘူး။ ဗီဇပါရင် ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ လုပ်မှာပါပဲ။ ကိုယ့်ချစ်သူစီက မရိုးသားတဲ့ အရိပ်ယောင်တွေ မြင်လာရတယ် ဥပမာ သူဖုန်းယူကိုင်တဲ့အခါ ကမ္ဘာပျက်မတက် ကြောက်လန့်နေတာမျိုး အတူတူရှိနေချိန် ထူးဆန်းတဲ့ ဖုန်းတွေ sms တွေ မကြာခဏ ဝင်လာတာမျိုး စသည်ဖြင့် မရိုးသားတဲ့ အရိပ်ယောင်တွေ မြင်တွေ့နေရပြီဆိုရင်တော့ သစ္စာဖောက်ခံရဖို့ ရာခိုင်နှုန်းများနေပြီဖြစ်တဲ့အတွက် ဒီ Relationship ကို အဆုံးသတ်ဖို့ စတင်စဉ်းစားသင့်ပါပြီ။

(၂) စိတ်မပျော်ရွှင်ရတဲ့အချိန်က ပိုများနေတယ်ဆိုရင်

အချစ်ရေးမှာ စိတ်ညစ်စရာပြဿနာတွေ ညှိနှိုင်းရခက်ခဲတဲ့ အမြင်မတူမှုတွေဆိုတာ rs သက်တမ်းကြာလာတာနဲ့အမျှ ကြုံတွေ့ရမယ့် ကိစ္စတွေပါ။ ဒီလိုအဆင်မပြေမှုတွေ ကြုံလာတိုင်း လမ်းခွဲဖို့ စဉ်းစားသင့်တယ်လို့ မဆိုလိုပေမယ့် အချိန်တော်တော်များများ နေ့တိုင်းနီးပါးလိုလို ပြဿနာတွေနဲ့ ယဉ်ပါးလာမယ်ဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်ဘဝက ပြဿနာတွေထဲမှာပဲ နစ်မွန်းလာမှာဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ ဘဝရဲ့အချိန်တွေကို ပြဿနာတွေကပဲ လွှမ်းမိုးနေမယ်ဆိုရင်တော့ ရှေ့ဆက်ဖို့သင့်မသင့် စဉ်းစားသင့်ပါပြီ။

(၃) အပေါ်ယံဆက်ဆံရေးမျိုး ဖြစ်လာပြီဆိုရင်

ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးတွေက အေးစက်တိတ်ဆိတ်ပြီး ငြိမ်သက်နေမယ်ဆိုရင် အပျက်ဘက်ကို ဦးတည်နေပြီဆိုတာ သိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖုန်းမပြောပဲနေရတာ ပိုကောင်းလာတာမျိုး မတွေ့ပဲနေတာက ပိုအေးချမ်းတာမျိုး ရင်ခုန်စရာမပြောနဲ့ စကားတောင်သုံးခွန်းပြည့်အောင် မပြောချင်တော့တဲ့ အခြေအနေကို ရောက်လာပြီဆိုရင်တော့ ကိုယ့်ရဲ့အချစ်ရေးကို ပြန်သုံးသပ်သင့်ပါပြီ။ တစ်ယောက်မရှိလဲ တစ်ယောက်နေနိုင်တဲ့ အနေအထားမှာ ချစ်သူတွေလို့ အမည်ခံထားတာကလဲ အမည်ခံသက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် တကယ်ပဲ စိတ်ကုန်စိတ်ပျက်နေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောဆိုပြီး လမ်းခွဲသင့်ပါတယ်။