Gym မှာ သီချင်းလေးနားထောင်ရင်း လေ့ကျင့်ခန်းတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုလုပ်ဖို့ စိတ်ကူးထားပေမယ့် နားကြပ်ကို ရှာမတွေ့လို့ စိတ်ညစ်ရတဲ့ အခြေအနေတွေက Workout ကစားချင်စိတ်ကို ရုတ်ချည်းပျက်စီးသွားစေတဲ့အရာပဲဖြစ်ပါတယ်။

အခြားသော ဘယ်လိုထူးဆန်းတဲ့ အရာများကရော သင့်ရဲ့ Workout ကစားချင်စိတ်ကို ရုတ်ချည်းပျက်စီးသွားစေသလဲဆိုတော့

စမတ်နာရီက မှတ်တမ်းမယူထားဘူး

ကိုယ်ကတော့ လေ့ကျင့်ခန်းတွေ အသည်းအသန်ပြုလုပ်နေပေမယ့် ၁၅ မိနစ်၊ နာရီဝက်လောက်ကြာမှ စမတ်နာရီကို စစ်ကြည့်လိုက်တော့ ကိုယ့်ရဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖြစ်စဉ်တွေကို မှတ်တမ်းမယူထားဘူးဆိုတာကို သိရှိသွားတဲ့အခါ လေ့ကျင့်ခန်းဆက်လုပ်ဖို့ အားယုတ်သွားတတ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းစလုပ်တော့မယ်ဆိုတာနဲ့ သင့်ရဲ့စမတ်နာရီကို သေချာပြန်လည်စစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်။

ဆယ်လ်ဖီ မဆွဲရခြင်း

အချို့သူတွေက သူတို့ရဲ့တိုးတက်မှုဖြစ်စဉ်ကို ဆယ်လ်ဖီဆွဲကာ မှတ်တမ်းအဖြစ် ထားချင်ကြပါတယ်။ ဒါပေမဲ့ Gym မှာ လူကြပ်နေတဲ့ အချိန်မျိုးကျပြန်တော့လည်း လွတ်လွတ်လပ်လပ် ဆယ်လ်ဖီမဆွဲရဘူးဆိုပြီး လေ့ကျင့်ခန်းဆက်လုပ်ဖို့ စိတ်မပါကြတော့ပြန်ပါဘူး။

ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ အကြံပေးချင်တာက လူသွားနည်းတဲ့အချိန်ကို ရွေးသွားရမှာပါပဲ။ ဒါပေမဲ့ ကိုယ်ကလည်း မအားမလပ်တဲ့သူဆိုရင်တော့ Workout အားလုံးပြီးမှ ဆယ်လ်ဖီဆွဲမယ်လို့သာ တွေးထားလိုက်ပါ။ ဒါမှသာ ဘယ်အချိန်ဓာတ်ပုံရိုက်ရမလဲဆိုတာချည်းကိုပဲ စိတ်မရောက်ဘဲ သေသေချာချာ လေ့ကျင့်ခန်းအပေါ် အာရုံစိုက်နိုင်မှာပါ။

အားကစားဝတ်စုံ (သို့) လက်အိတ်များ မေ့ကျန်ခဲ့ခြင်း

လေ့ကျင့်ခန်းပြုလုပ်တယ်ဆိုတာ လေဝင်လေထွက်ကောင်းတဲ့ အားကစားဝတ်စုံများနဲ့ လွတ်လွတ်လပ်လပ်ပြုလုပ်ရမှာမဟုတ်လား။ မတော်လို့ အားကစားအင်္ကျီ (သို့) ဘောင်းဘီ မေ့ကျန်ခဲ့တဲ့အခါ အားကစားဆက်လုပ်ရမလား။ အိမ်ပြန်ပြီးပဲ မေ့ကျန်ခဲ့တာတွေ ပြန်ယူရမလား ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် Gym သွားတော့မယ်ဆိုရင် အားကစားပစ္စည်းအစုံပါရဲ့လား သေချာစစ်ပါ။ ဒါမှမဟုတ် ကိုယ်ပိုင် Gym Locker ပေးထားတယ်ဆိုရင် အားကစားအပိုတစ်စုံ ထည့်ထားလိုက်ပါ။ ဒါမှမဟုတ် အိမ်ကထွက်ကတည်းက အားကစားဝတ်စုံအပြည့် ဝတ်သွားလိုက်ပါ။