အတုအယောင်တွေများတဲ့ခေတ်မှာ ကိုယ့်အနားရှိတဲ့ စစ်မှန်တဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ Friendship တစ်ခုကြာရှည်ခံဖို့ဆိုတာ မလွယ်ပါဘူး။ ကတောက်ကဆတွေဖြစ်ပြီး မခေါ်မပြောကြတော့တာမျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရအောင် Friendship တစ်ခုကြာရှည်ခံဖို့အတွက် သူငယ်ချင်းတွေကြားမှာ ဒီ Rules တွေကို ထားရှိသင့်ပါတယ်။

ရိုးသားပါ၊ သစ္စာရှိပါ

Friendship တစ်ခု ကြာရှည်ခံချင်ရင် သူငယ်ချင်းအချင်းချင်း ရိုးသားပါ။ တစ်ယောက်နဲ့တစ်ယောက် ကြိတ်ပြီးမနာလိုတာတွေ၊ မကျေနပ်ပြီး အကောက်ကြံတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့ကလည်း အရေးကြီးပါတယ်။ သစ္စာမရှိရင် Friendship ပဲဖြစ်ဖြစ်၊ Relationship ပဲဖြစ်ဖြစ် ကြာရှည်ခံမှာမဟုတ်ပါဘူး။

နားထောင်ပေးပါ

ကိုယ်ပြောချင်တာတွေပဲပြောပြီး သူများပြောတာကိုကျ နားမထောင်ပဲ အလေးမထားသလို၊ ဂရုမစိုက်သလို မလုပ်ပါနဲ့။ သူများပြောတာကို စကားတွေဖြတ်ပြောပြီး တခြားအကြောင်းအရာ ပြောင်းပြောတာမျိုး၊ ကိုယ့်ကိုလာရင်ဖွင့်တာ၊ တိုင်ပင်တာကို စိတ်ရှုပ်သလို ဆက်ဆံတာမျိုးလည်း မလုပ်ပါနဲ့။

နောက်ကွယ်မှာအတင်းမပြောပါနဲ့

Best Friend လို့ခေါင်းစဉ်တပ်ပြီး နောက်ကွယ်မှာ အတင်းပြောတာ၊ အပုပ်ချတာ၊ ကိုယ့်ကို ယုံကြည်လို့ပြောပြထားတာတွေကို နောက်ကွယ်မှာ ပြန်ပြီးဖောက်သည်ချတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

တစ်ယောက်နဲ့တစ်ယောက် Respect ထားပါ

သူငယ်ချင်းဆိုပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် Respect ထားသင့်ပါတယ်။ ပြောချင်ရာပြော၊ လုပ်ချင်တာတွေလုပ်နေရင် စိတ်အခန့်မသင့်တဲ့အခါ စိတ်ထဲကြိတ်ပြီး မကျေနပ်တာ၊ စိတ်ခုတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုဖြစ်တာတွေများလာရင် သူနဲ့မပေါင်းချင်တော့ဘူး၊ အမြင်ကပ်လာပြီဆိုတာမျိုးတွေ ဖြစ်လာတော့တာပါပဲ။

အထက်စီးကနေမဆက်ဆံပါနဲ့

အထက်စီးကနေဆက်ဆံရင် လူအမြင်ကပ်ပါတယ်။ အရမ်းခင်တဲ့ သူငယ်ချင်းအချင်းချင်း Best Friend တွေတောင်မှ အထက်စီးကနေ ပြောဆိုဆက်ဆံရင် လုံးဝမကြိုက်ပါဘူး။ ထုတ်မပြောရင်တော့ စိတ်ခုသွားပါလိမ့်မယ်။ ဒါတွေကြောင့် Friendship ပျက်စီးသွားတာတွေ အများကြီးရှိပါတယ်။

ကူညီပါ

သူငယ်ချင်းတွေကြားမှာ ကူညီနိုင်တာရှိရင် ကူညီပေးဖို့ ဝန်မလေးပါနဲ့။ ကိုယ်ကတော့ အကူအညီလိုရင်ယူနေပြီး သူများအကူအညီတောင်းတော့ ရှောင်ထွက်တာမျိုး၊ မသိချင်ယောင်ဆောင်ပြီး မကူညီတာမျိုးတွေ လုပ်နေမယ်ဆိုရင် ဘယ်သူ့မှ ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ ပေါင်းသင်းချင်တော့မှာ မဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကူညီပေးပါ။