အိပ်ရာဝင်ချိန်ဆိုတာ တစ်နေ့တာ ထမ်းပိုးလာတဲ့ ခန္ဓာဝန်ကြီးကို တစ်ညတာ အနားပေးရမယ့် အချိန်ပါပဲ။ တစ်နေကုန် အလုပ်ခွင်မှာ ၊ လူတွေအကြားမှာ စိတ်ပင်ပန်းလာခဲ့တဲ့နောက် ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့အတွက် စိတ်အကြောတွေ ပြေလျော့နေဖို့ လိုပါတယ်။

ဒီအတွက် နည်းလမ်းလေးတွေ ညွှန်းချင်ပါတယ်။

(၁) ရေနွေးနွေးလေး ချိုးပေးပါ

ညဘက်မှာ ရေခပ်နွေးနွေး ချိုးပေးခြင်းဟာ ကြွက်သားတွေ ပြေလျော့စေပြီး တစ်ကိုယ်လုံးအနားရစေနိုင်ပါတယ်။ အိပ်ခါနီး ရေခပ်နွေးနွေး ချိုးတာဟာ လူလည်း သန့်ရှင်းကြည်လင်စေသလို အညောင်းအညာပြေပြီး စိတ်ဖိစီးမှုကနေလည်း သက်သာရာရပါတယ်။ အိပ်လို့လည်း ပိုကောင်းမှာပါ။

(၂) ရယ်စရာပြောပါ

ရယ်မောခြင်းဟာ လေ့ကျင့်ခန်းလုပ်တာပါပဲ။ ရယ်မောခြင်းဟာ ကိုယ်တွင်း အောက်ဆီဂျင်စီးဆင်းမှုကို မြင့်စေပြီး စိတ်ကို ပိုမိုပျော်ရွှင်ကြည်လင်စေတဲ့ အန်ဒိုဖင်းဓါတ် ထုတ်ပေးပါတယ်။ သင့်မှာ ဟာသဉာဏ်ထက်သန်တဲ့ သူငယ်ချင်းတစ်ယောက်ရှိရင် အိပ်ခါနီး သူ့ဆီကို ဖုန်းဆက်ပြီး ကမောက်ကမ ဖြစ်ရပ်တွေအကြောင်း ပြောရင်း ရယ်မောကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၃) တရားထိုင်လိုက်ပါ

တရားထိုင်ခြင်းဟာ ဘာသာရေးလည်းဖြစ်သလို ကောင်းမွန်တဲ့ လူနေမှုပုံစံလည်း ဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ စိတ်ကို ထိုးထွင်းလေ့လာခြင်းနဲ့ ဆောက်တည်ခြင်း မရှိလို့ ဘယ်ဖြစ်မလဲ။ သင့်ရဲ့ အိပ်ရာခုတင်ပေါ် မရောက်ခင် နောက်ဆုံးလုပ်တဲ့ လုပ်ရပ်ဟာ အသက်ကို မှန်မှန်ရှုပြီး ကိုယ်ခန္ဓာရဲ့ဖြစ်စဉ်ကို စောင့်ကြည့်ဖို့ပဲ ဖြစ်သင့်ပါတယ်။