အဆိုးမြင်စိတ်တွေ များလာရင် ဘဝရဲ့ ရှင်သန်ခြင်းအဓိပ္ပါယ်တွေမဲ့လာပြီး အရာရာကို လက်မြှောက်အရှုံးပေးချင်တဲ့စိတ်တွေ ဖြစ်လာတတ်ပါတယ်။ သင့်ဘဝကို အရိုးရှင်းဆုံးနဲ့ ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဆိုရင်တော့ အဆိုးမြင်စိတ်တွေ ထိန်းချုပ်တားဆီးဖို့ သေချာပေါက်လိုပါတယ်။
ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အဆိုးမြင်တဲ့စိတ်တွေကို ထိန်းချုပ်နိုင်မယ့် အခြေခံကျဆုံး နည်းလမ်း ၃ ခုကို ပြောပြပေးချင်ပါတယ်။
(၁) အဆိပ်အတောက်ဆန်တဲ့ အရာတွေနဲ့ အဆက်ဖြတ်ပါ
ပတ်ဝန်းကျင်မှာ Negative သဘောဆောင်တဲ့ အဆိပ်အတောက်ဆန်တဲ့ အရာတွေ အများကြီးရှိပါတယ်။ လူမှုကွန်ယက်ပေါ်က သတင်းဆိုးတွေ ၊ မိတ်ဆွေအတုအယောင်တွေ ၊ ပျော်ရွှင်မှုမရှိတဲ့ အချစ်ရေး စတဲ့အရာတွေပါပဲ။
ဒီလို အဆိပ်အတောက်ဆန်တဲ့အရာတွေက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိစေပြီး အဆိုးမြင်စိတ်တွေ များလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အဆိပ်အတောက်ဆန်တဲ့ အရာတွေကို မိမိဘဝထဲက ဖယ်ထုတ်ရှင်းလင်းလိုက်ပါ။
(၂) မကောင်းတဲ့အတွေးတွေ စစ်ထုတ်ပြီး ကောင်းတဲ့အရာတွေ များများတွေးပါ
သင့်ခေါင်းထဲကို ဝင်လာတဲ့အတွေးမှန်သမျှကို ပြန်လည်ဆန်းစစ်ပြီး မကောင်းမြင်တဲ့ အတွေးတွေပေါ်လာရင် စစ်ထုတ်ဖယ်ရှားဖို့ ကိုယ့်ကိုယ်ကို သတိပေးရပါမယ်။ မကောင်းတဲ့အတွေးတွေ ၊ အပျက်သဘောင်ဆောင်တာတွေ တွေးမိနေပြီဆို ချက်ချင်းပဲ ရပ်တန့်လိုက်ပါ။
မကောင်းတဲ့အတွေးတွေနေရာမှာ အပြုသဘောဆောင်တာတွေ များများပြောင်းတွေးကြည့်ပါ။ အကောင်းဘက်က တွေးပေးခြင်းဟာ ဘဝမှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ အခက်အခဲ ပြဿနာတွေကိုတောင်မှာ စိတ်ပင်ပန်းမှုနည်းနည်းနဲ့ အေးအေးဆေးဆေးကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။
(၃) လက်ရှိပစ္စုပန်ကိုပဲ အပြည့်အဝအာရုံစိုက်ပါ
အဆိုးမြင်စိတ်တွေနည်းချင်ရင် နောက်ကြောင်းလည်းပြန်မလှည့်ပါနဲ့ ၊ ရှေ့ကိုလည်းကြိုမတွေးပါနဲ့ လို့ လူကြီးသူမတွေ ဆုံးမထားကြပါတယ်။ ဟုတ်ပါတယ် အတိတ်ကိုပြန်သွားပြီ ပူဆွေးသောကရောက်တာ ၊ အနာဂတ်ကိုကြိုတွေးပြီး ပူပင်ရတာတွေဟာ သင့်ကိုအဆိုးမြင်စိတ်နဲ့ စိတ်ပင်ပန်းမှုတွေပဲ ပိုဖြစ်စေမှာပါ။ အဓိက ကတော့လက်ရှိပစ္စုပန်ကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်နေဖို့ပဲ အရေးကြီးတာဖြစ်ပါတယ်။