လူသားတွေရဲ့ ဆံပင်ပုံစံဟာ မျိုးရိုးနဲ့ ၁၀၀ ရာခိုင်နှုန်း သက်ဆိုင်ပြီး သန့်ရှင်းတောက်ပြောင်ပြီး စတိုင်လ်ကျစေဖို့အတွက် မတူညီတဲ့ ထိန်းသိမ်းမှုမျိုးတွေ လိုအပ်ပါတယ်။

ဆံပင်အမျိုးအစားအနေနဲ့ အဖြောင့်၊ လှိုင်းတွန့်၊ အကောက် စုစုပေါင်း ၃ မျိုးရှိပြီး တစ်မျိုးချင်းစီအတွက် ထိန်းသိမ်းရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အဖြောင့်

အမျိုးသမီးအများစုနဲ့ အမျိုးသားအချို့ဟာ သဘာဝအားဖြင့် ဖြောင့်စင်းတဲ့ ဆံပင်ရှည်ကို ထူးထူးခြားခြား ပိုင်ဆိုင်ထားတယ်ဆိုရင်ပဲ အများစုရဲ့ မနာလိုခြင်းကို ခံထားရပြီးဖြစ်ပါတယ်။ ဖြောင့်စင်းတဲ့ ဆံပင်ကို ပုံစံမပျက်အောင် ထိန်းသိမ်းဖို့က သိပ်တော့မခက်ခဲပါဘူး။

သတင်းကောင်းကတော့ ဖြောင့်စင်းတဲ့ ဆံသားကို အလုပ်သိပ်ရှုပ်စရာမလိုဘဲ ထိန်းသိမ်းနိုင်တာဖြစ်ပြီး သတင်းဆိုးကတော့ မကြာခဏ ပါးပြီး ပျက်စီးလွယ်တာဖြစ်ပါတယ်။

ဖြောင့်စင်းတဲ့ ဆံသားအတွက် ခေါင်းလိမ်းဆီ ရွေးချယ်ရာမှာလည်း မှန်ကန်ဖို့ လိုအပ်ပြီး ခေါင်းလိမ်းဆီအနေနဲ့ တောက်ပြောင်တဲ့ပုံစံနဲ့ သဘာဝအတိုင်း နက်မှောင်စေတဲ့ပုံစံဆိုပြီး ၂ မျိုးရှိပါတယ်။

တောက်ပြောင်စေတဲ့ ခေါင်းလိမ်းဆီကို အသုံးပြုမယ်ဆိုရင် ဆံပင်ဟာ စိုစွတ်တောက်ပြောင်တဲ့ပုံစံ ပေါက်မှာဖြစ်ပြီး အလွန်အကျွံသုံးမိရင်တော့ ဆံသား အလွန်အဆီပြန်တတ်ပါတယ်။ သဘာဝအတိုင်း နက်မှောင်စေတဲ့ ခေါင်းလိမ်းဆီကတော့ ပိုပြီး သဘာဝဆန်ပြီး ဆံသားကို တောက်ပြောင်စေမှာဖြစ်ပါတယ်။

၂။ လှိုင်းတွန့်

လှိုင်းတွန့်ဆံပင်ပုံစံကတော့ အဖြောင့်နဲ့ အကောက်ကြားကျနေပြီး ဆံပင်ဖြောင့်စက်နဲ့ ဖြောင့်ဖို့ မစဉ်းစားမီမှာ ရွေးချယ်စရာတွေ ဘာတွေရှိလဲဆိုတာ ကြည့်ကြရအောင်။ လှိုင်းတွန့်ဆံပင်ဟာ သဘာဝက ပေးတဲ့ လက်ဆောင်ဖြစ်ပြီး ကောင်းတဲ့အရာတွေ အများကြီးရှိပါတယ်။

အထူးသဖြင့် ပြုလွယ်ပြင်လွယ်တာပါ။ လှိုင်းတွန့်ဆံပင်ပုံစံဟာ ကျန်းမာသန်စွမ်းပြီး တောက်ပြောင်နေဖို့ အကူအညီဖြစ်စေတဲ့ သဘာဝဆီမျိုးနဲ့ ထိန်းသိမ်းဖို့ လိုပါတယ်။ ဆီ မထည့်ထားတဲ့ လှိုင်းတွန့်ဆံပင်ဟာ ခြောက်သွေ့ပြီး ကြပ်ခဲကြီး ဖြစ်နိုင်ပါတယ်။

လှိုင်းတွန့်ဆံပင်တွေအတွက်ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ ရှန်ပူမျိုးကို အသုံးပြုသင့်ပြီး ဗီတာမင် ဘီ အပြည့်ပါဝင်တဲ့ ရှန်ပူက ဆံသားရဲ့ ကျန်းမာရေးနဲ့ တောက်ပြောင်မှုကို တိုးတက်စေပါတယ်။

၃။ အကောက်

ဆံပင်ကောက်တာဟာ အချို့လူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပေမယ့် အသေအချာ ထိန်းသိမ်းမယ်ဆိုရင်တော့ လူအများအားကျရတဲ့ ဆံနွယ်ကောက်ကောက်လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဆံပင်ကောက်တာရဲ့ အားသာချက်က ဆံပင်ကို ဆီ အမြဲတမ်းလိမ်းစရာမလိုတာကြောင့် ၃ ရက်တစ်ခါလောက်ပဲ ခေါင်းလျှော်ပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ ၃ ရက်မပြည့်မီစပ်ကြား ဆံပင်ကို လန်းလန်းဆန်းဆန်း ဖြစ်စေချင်တယ်ဆိုရင်လည်း ခေါင်းအစိုလျှော်တာ ဒါမှမဟုတ် အခြောက်လျှော်တာမျိုး ပြုလုပ်နိုင်ပါတယ်။

ချွေးထွက်များတဲ့ လေ့ကျင့်ခန်းမျိုး ပြုလုပ်တဲ့သူဆိုရင်တော့ ရေက အညစ်အကြေးတွေကို မဖယ်ရှားနိုင်တာကြောင့် ရှန်ပူနဲ့ သေချာလျှော်ပေးဖို့ လိုအပ်ပါတယ်။

ဆံပင်စတိုင်လ်ထိန်းသိမ်းတဲ့ ထုတ်ကုန်တွေနဲ့ သင့်ရဲ့ ဆံနွယ်အကောက်လေးတွေကို ထိန်းသိမ်းတာထက် ဆံသားတွေကို အားပြည့်နေအောင် ဈေးကြီးတဲ့ရှန်ပူတွေကို ငွေများများသုံးပြီး သုံးစွဲသင့်ပါတယ်။