ဆန်းပြားတဲ့ ဘဝရေစီးမှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ အဆင်ပြေပြေ ဆက်ဆံရတာ သဘာဝပါပဲ။ တချို့လူတွေက အသိအကျွမ်းအဆင့် ရှိပြီး တချို့တွေကတော့ လုပ်ဖော်ကိုင်ဖက် ၊ မိတ်ဆွေ ၊ သူငယ်ချင်း စတဲ့စတဲ့ ကွဲပြားခြားနားတဲ့ ဆက်ဆံရေးတွေနဲ့ လက်တွဲဖြစ်ကြတတ်ပါတယ်။

တချို့တွေဟာ ခဏတပန်းတွေ့ကြုံ ဆက်ဆံဖို့ အဆင်ပြေပြီး တချို့သူတွေဟာ ဘဝတစ်လျှောက်လုံးစာ မိတ်ဆွေတွေ ဖြစ်လာကြပါတယ်။ တချို့သူငယ်ချင်းတွေကတော့ မပေါင်းလည်း ဖြစ်သလို ပေါင်းရင်တောင် စိတ်ဆင်းရဲရမယ့်လူမျိုးတွေ ဖြစ်တတ်ကြပါတယ်။

ဘယ်လို မိတ်ဆွေမျိုးကို ကိုယ့်ဘဝတစ်လျှောက် ခရီးဖော်အဖြစ် ခေါ်သွားစရာမလိုသလဲ ကြည့်လိုက်ရအောင်ပါ။

(၁) ကိုယ့်အတွက် မပျော်နိုင်တဲ့သူ

သင့်ပျော်ရွှင်မှုကို ဖျက်လိုဖျက်ဆီးလုပ်ချင်သူ ၊ သင့်အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာကို လေးစားမှု မရှိသူ နဲ့ သင့်ရဲ့ တိုးတက်မှုအတွက် မပျော်မရွှင်ဖြစ်ရသူတွေဟာ အတူပေါင်းနေရတဲ့ ရန်သူလိုပါပဲ။ ဒီလိုလူတွေကို ပေါင်းတာဟာ အဆိပ်ရှိတဲ့ မြွေကို အိပ်ရာထဲ ခေါ်သိပ်ထားသလို အန္တရာယ်ကြီးပါတယ်။ သင့်အတွက် မုဒိတာ မပွားနိုင်တဲ့ သူငယ်ချင်းတွေကို ချန်ထားခဲ့တာ အကောင်းဆုံးပါပဲ။

(၂) ရည်းစားဟောင်းရဲ့ သူငယ်ချင်းတွေ

အရင်က ချစ်ခဲ့တဲ့သူကြောင့် ပေါင်းသင်းခဲ့တဲ့ အသိအကျွမ်းတွေထဲမှာ သင့်အတွက် အဆင်မပြေတဲ့လူတွေ ရှိတယ်ဆိုရင် စိတ်ချလက်ချသာ လက်ပြလိုက်ပါတော့။ သင်မပတ်သက်ချင်သူကို အဆက်ဖြတ်ခွင့်ရှိပါတယ်။ Ex မျက်နှာကြောင့် မချစ်သော်လည်း အောင့်ကာနမ်းခဲ့ရတဲ့ မိတ်ဆွေတွေကို နောက်မှာ ချန်ခဲ့တာ ပြဿနာမရှိပါဘူး။

(၃) လိုမှ လာတဲ့လူမျိုး

သင့်ဆီက အကူအညီလိုတဲ့အချိန်မှာ အပြေးလာပြီး ကျန်တဲ့အချိန်ဆို သင့်ကို တစ္ဆေတစ်ကောင်လို ဆက်ဆံသူမျိုးကလည်း တစ်ဘဝလုံးပေါင်းဖို့ မတန်တဲ့စာရင်းမှာ ပါပါတယ်။ ဒီလို လူတွေဟာ သူတို့လိုအင်ပြည့်ဖို့အတွက်ပဲ တခြားသူတွေကို ဆက်ဆံတတ်ကြပါတယ်။ မတော်ခေါ် ခေါ်ပြီး မိတ်ဆွေအဖြစ် ဆက်ဆံရုံက လွဲပြီး သူတို့ကို ကိုယ့်ဘဝထဲ မထည့်မိဖို့ အကြံပြုချင်ပါတယ်။