တစ်အိုးတစ်အိမ် ထူထောင်တယ်ဆိုတာ ရှေးရှေးကနေ ဒီနေ့အထိ အလေးအနက် ထားရဆဲ ဖြစ်စဉ်တစ်ခုပါ။ ဒီနေ့ခေတ်မှာ အိမ်ထောင်ပြုဖို့ဆိုရင် ပိုပြီးတောင် စဉ်းစားလာကြပြီ ဖြစ်ပါတယ်။

အိုးအိမ် ထူထောင်ဖို့ ဘာလို့ ကြောက်ကြတာလဲ။ မင်္ဂလာဆောင်ခါနီးရင် အဖြစ်များဆုံး စိုးရိမ်တဲ့ပုံစံတွေက ဘာတွေလဲ။ ဒါတွေကို ဘယ်လိုကျော်လွှားသင့်သလဲဆိုတာ အကြံပေးမျှဝေချင်ပါတယ်။၊

(၁) မတော်တဲ့သူနဲ့ အိမ်ထောင်ပြုမိလို့ နောင်တရသွားမလား

ပထမဆုံး ဖြစ်လာတဲ့ စိုးရိမ်စိတ်က “အိမ်ထောင်ပြုမှားသွားရင်” ဆိုတဲ့ အတွေးပါပဲ။ ကိုယ်နဲ့ တကယ် ရင်ဘတ်ချင်းတူတဲ့ စိတ်နှလုံး ပုံအပ်လို့ရမယ့် ဇနီးခင်ပွန်း Soulmate တစ်ယောက်နဲ့ အိပ်ထောင်ကျပြီးမှ တွေ့ရရင်ရော ဆိုတာမျိုးလည်း တွေးမိနိုင်ပါတယ်။

ဘယ်လို အချစ်ရေး အိမ်ထောင်ရေးမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူးလို့ အရင်တွေးဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ ပြစ်ချက်မရှိ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဘက်ကို မျှော်လင့်မိတာဟာ စိတ်ကူးယဉ်ဆန်လွန်းပါတယ်။

လူတစ်ယောက်ကို တစ်ဘဝလုံးစာ လက်ထပ်ဖို့အတွက် ကိုယ့်ကိုယ်ကို မေးခွန်းတွေ အများကြီး မေးနေဖို့လိုပါတယ်။ ဒါပေမယ့် မေးခွန်းတွေထဲမှာတင် မြုပ်နေလို့တော့ မဖြစ်ပါဘူး။

(၂) ကိုယ်ပိုင်ပုံစံ ဆုံးရှုံးသွားမလား

အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် အိုးအိမ်ထောင်ပြုရင် တစ်ယောက်ရဲ့ စွက်ဖက်မှု တစ်ယောက်ပေါ် အနည်းအများဆိုသလို ရှိကြတာပါပဲ။ လူအချင်းချင်း ရင်းနှီးခင်မင်ဖို့အတွက်ကိုပဲ ကိုယ့်ရဲ့မူနဲ့ ပုံစံကို ပြုပြင်ရတာက နည်းတာမှ မဟုတ်တာ။

ဒီအချက်က ညှိလို့ရတဲ့ အရာပါ။ လူမှာ ကိုယ်ပိုင်ပုံစံ Personal Identity ဆိုတာ ရှိပါတယ်။ တစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျန်တဲ့သူက လက်ခံအောင် ညှိနှိုင်းထားမယ်ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး။

(၃) ကိုယ့်လက်တွဲဖော်ကို မချစ်နိုင်တော့ရင်ရော

ချစ်လို့ကြိုက်လို့ ယူထားတဲ့ အတွဲတွေမှာတောင် တစ်ချိန်ချိန်မှာ သူ့ထက်ပိုပြီး တွယ်တာတပ်မက်မိတဲ့သူ ကြုံတတ်တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒီနေရာမှာ သီလနဲ့ သိက္ခာဟာ အလွန်ပဲ အရေးပါပါတယ်။ လူဟာ အာရုံဆန်းနောက် ကောက်ကောက်ပါအောင် လိုက်ချင်ကြပါတယ်။

အာရုံစေစားရာနောက် မှောက်မှားမိမယ်ဆိုရင် ဘယ်တော့မှ နောင်တကင်းကင်း စိတ်ရှင်းရှင်းနဲ့ နေနိုင်တော့မှာ မဟုတ်သလို အမှုတွေပွေလီရှုပြီး စိတ်ဒုက္ခတွေ များတော့မှာပါ။ မင်္ဂလာဆောင်မယ် ၊ အိမ်ထောင်ပြုမယ် ဆိုရင် တကယ် ရင့်ကျက်မှ ၊ တကယ်လည်း ချစ်မြတ်နိုးမှ လက်ထပ်ပါ။

တစ်ခုခု စိတ်ကစားလာရင် မကောင်းမှုအတွက် ကိုယ့်ကိုယ်ကို ရှက်တဲ့ စိတ် ၊ နောက်နောင် ဖြစ်လာမယ့် ဘေးဒုက္ခတွေကို ကြောက်တဲ့ စိတ်နဲ့ သတိထားပြီး ရှောင်ရှားသင့်ပါတယ်။