ကိုယ်လိုချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံကို အမျိုးသားတွေက သိပြီးဖြစ်မှာပါ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ ယောင်္ကျားလေးတစ်ယောက်ဆီက ဘယ်လိုအရာတွေ တောင့်တတတ်သလဲဆိုတဲ့ အချက်ကိုတော့ သိတဲ့သူ သိပ်များမယ် မထင်ပါဘူး။

မိန်းကလေးတစ်ယောက်ဟာ ချမ်းသာပြီး ထက်မြက်တဲ့ ယောင်္ကျားတွေဆို သဘောကျမှာပဲလို့တော့ ယေဘုယျသဘောနဲ့ ပြောလို့မရပါဘူး။ တကယ် ပင်ကိုယ်ဉာဏ်ရည်မြင့်ပြီး ထက်မြက်တဲ့ မိန်းကလေးတွေ လိုချင်ကြတဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့ အရည်အချင်းတွေထဲမှာ ဒီ ၃ ချက်လည်း ပါနေပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိသူ

မိန်းကလေးတစ်ယောက်ဟာ သူအထင်ကြီးလေးစားနိုင်သူကိုပဲ လက်တွဲချင်ကြပါတယ်။ သူအထင်ကြီးလောက်တဲ့ အရည်အချင်းတွေထဲမှာ ကိုယ့်လုပ်ရပ်နဲ့ ကိုယ်ပြောတဲ့ စကားပေါ် စိတ်ချယုံကြည်မှုအပြည့်ရှိသူလည်း ပါဝင်ပါတယ်။

ပြောရရင် ကိုယ်လုပ်တဲ့အလုပ်ကို လိပ်ပြာလုံတဲ့သူဟာ ကိုယ့်စကားကို တာဝန်ယူနိုင်သလို ကိုယ့်လုပ်ရပ်ပေါ်လည်း ယုံကြည်မှုရှိပါတယ်။ ဒီလိုလူမျိုးတွေကို မိန်းကလေးတွေက သဘောကျကြပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက် ကိုယ့်ကို သဘောကျစေဖို့ ရိုးသားပြီး ယုံကြည်လေးစားစရာဖြစ်အောင် နေဖို့ အကြံပြုချင်ပါတယ်။

(၂) အနာဂါတ်ပန်းတိုင် ထားသူ

တိုးတက်ချင်စိတ်နဲ့ ကြိုးစားနေတဲ့ ယောင်္ကျားတစ်ယောက်ကို မိန်းကလေးတွေက သဘောကျကြပါတယ်။ ယုံကြည်စိတ်အပြည့်နဲ့ အောင်မြင်အောင် ကြိုးစားနေတဲ့သူတစ်ယောက်အတွက် တစ်နေ့မှာ သေချာတဲ့ အနာဂါတ်ရှိမယ်ဆိုတာ ထက်မြက်တဲ့ မိန်းကလေးတွေက လက်ခံထားကြပါတယ်။ ဒီလို ချစ်သူမျိုးကို အရောင်တင်အောင် ပါရမီဖြည့်ပေးဖို့လည်း ဘယ်တော့မှ မတွန့်ဆုတ်တတ်ပါဘူး။

(၃) ကိုယ်ကျင့်သိက္ခာရှိသူ

ရိုးသားဖြောင့်မတ်ခြင်းဂုဏ်ကို လူတိုင်းမက်ကြတာ မဆန်းပါဘူး။ မိန်းကလေးတစ်ယောက်အတွက် သစ္စာကြီးပြီး ကိုယ့်အပေါ် မြတ်မြတ်နိုးနိုး ချစ်နိုင်မယ့်သူကိုပဲ လိုချင်တာလည်း ထူးဆန်းမှာ မဟုတ်ပါဘူး။ ကိုယ့်အပေါ်မှာ ဖြောင့်မတ်တည်ကြည်တဲ့ အချစ်တွေနဲ့ ထီးလိုမိုးပြီး တစ်သက်လုံး ဂရုစိုက်နိုင်မယ့်သူကို ရရင် ဘယ်သူမဆို ကံကောင်းတာပါပဲ။

ရုပ်ရည်နဲ့ စတိုင်တွေ ၊ ဖက်ရှင်နဲ့ ကိုယ်လုံးကိုယ်ပေါက်အလှအပတွေဆိုတာ ကိုယ်ကျင့်သိက္ခာနဲ့ သစ္စာတရားလောက် မလှပါဘူး။ ဒါကြောင့်ပဲ ရှေ့ရေးကို ဉာဏ်ကြီးကြီးနဲ့ တွေးထားတဲ့ မိန်းကလေးတွေဟာ ဘဝလက်တွဲဖော်ရွေးချိန်မှာ ရုပ်အလှထက် ကိုယ့်အပေါ်မှာ တကယ်ပဲ ချစ်တဲ့စိတ်နဲ့ စောင့်ရှောက်သွားမယ့်သူလားဆိုတာ ဦးစားပေးတာ ဖြစ်ပါတယ်။