ဘယ်သူမဆို တစ်ခါတစ်လေကျရင် အလုပ်လုပ်ရတာ စိတ်မပါတော့ပဲ ပျင်းရိလာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်မှာပျင်းနေလည်း ပြန်ပြီးစိတ်ပါဝင်စားမှုရှိလာအောင်၊ ပြန်လည်တက်ကြွလာအောင် လုပ်ရမှာပါပဲ။

ဒါကြောင့် အလုပ်မှာစိတ်ဝင်စားမှုနည်းပြီးပျင်းလာရင် ပြုလုပ်ရမယ့်အချက်သုံးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

လမ်းလျှောက်ပါ။

အလုပ်လုပ်ဖို့ စိတ်မပါတော့တဲ့အခါကျရင် ရုံးခန်းအပြင် ခဏလောက်အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ပါ။ အိမ်သာသွားတာမျိုးပဲဖြစ်ဖြစ်၊ ၃ မိနစ် (သို့) ၅ မိနစ်လောက် အပြင်ထွက်လမ်းလျှောက်ပြီး ရေသောက်လိုက်ပါ။ အကြောတွေဆန့်ထုတ်ပြီး အသက်ဝဝရှူလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက ထိုင်းမှိုင်းနေတဲ့စိတ်ကို ပြန်ပြီးလန်းဆန်းသွားစေပါတယ်။ အိပ်ချင်နေတဲ့အခါမှာလည်း ဒီလိုလုပ်ပေးရင် အိပ်ချင်စိတ်ပြေစေပါတယ်။

ကော်ဖီဖျော်သောက်ပါ။

ကော်ဖီသောက်ပေးခြင်းက အိပ်ချင်စိတ်ကိုလည်းပျောက်စေတဲ့အပြင် ထိုင်းမှိုင်းနေတဲ့စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ ဒါကြောင့် အလုပ်မှာနေ့ခင်းဘက်ဆိုရင် ကော်ဖီသောက်ပေးသင့်ပါတယ်။ ကော်ဖီမသောက်ချင်ရင်တော့ လန်းဆန်းပြီးအားပြည့်စေတဲ့ အချိုရည်နဲ့ စိတ်ကိုလန်းဆန်းစေတဲ့ သံပုရာရည်တို့ကို သောက်ပေးလို့ရပါတယ်။

သီချင်းနားထောင်ပါ။

နားကြပ်တပ်ပြီး မြူးတဲ့သီချင်းတွေကို ကျယ်ကျယ်လေးဖွင့်နားထောင်ကြည့်လိုက်ပါ။ သီချင်းမြူးမြူးလေးတွေကို နားထောင်ပေးတာကလည်း စိတ်ကိုလန်းဆန်းတက်ကြွစေပြီး အလုပ်လုပ်ဖို့ကို ပြန်ပြီးစိတ်ပါလာစေပါတယ်။ တချို့တွေဆိုရင် အလုပ်လုပ်တဲ့အချိန်မှာ သီချင်းနားထောင်ပြီးလုပ်တတ်ကြပါတယ်။ ဒီလိုနားထောင်ပေးခြင်းက စိတ်ကိုလန်းဆန်းစေတဲ့အပြင် တက်တက်ကြွကြွနဲ့ အလုပ်လုပ်ချင်စိတ်တွေလည်း ဖြစ်ပေါ်လာစေပါတယ်။ အလုပ်မှာလည်း အာရုံစိုက်နိုင်ပြီး အလုပ်လည်းမြန်မြန်ပြီးမြောက်စေပါတယ်။

အလုပ်မှာစိတ်ဝင်စားမှုနည်းပြီး ပျင်းလာရင် ဒီအချက်သုံးချက်ကိုသာ အဓိကထားပြီးလုပ်ကြည့်လိုက်ပါ‌နော်။ အလုပ်မှာပြန်ပြီး စိတ်ပါဝင်စားမှုရှိလာပါလိမ့်မယ်။