သင့်ရဲ့လူနေမှုဘဝပုံစံ၊ သင် စားသောက်တဲ့အစားအစာ၊ သုံးစွဲတဲ့ ဆံကေသာထုတ်ကုန်ပစ္စည်းတွေက သင့်ရဲ့ဆံကေသာအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိစေပါတယ်။ ဆံပင်အလွန်အမင်း ကျွတ်လွန်းလို့ စိတ်ညစ်နေရတဲ့သူများအတွက် အထက်ဖော်ပြပါ အချက် (၃) ချက်က သေချာစဉ်းစားဆင်ခြင်သင့်တဲ့ အချက်တွေပါပဲ။

ဆံပင်ကျွတ်ပြီး ပါးလို့ စိတ်ညစ်နေတယ် ဆံပင်သန်ဖို့ ကြိုးစားနေသူများအတွက် ဆံပင်သန်ဖို့အတွက် အားပေးတဲ့အစားအသောက်များ စားသုံးခြင်းအပြင် အခုဖော်ပြပေးမယ့် နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

နည်းလမ်း (၁)

ကြက်ဥအသုံးပြုပါ။ ကြက်ဥသည် ပရိုတင်းဓာတ် ကြွယ်ဝတဲ့အတွက်ကြောင့် ဆံပင်မွှေးညှင်းပေါက်များကို အားဖြည့်ပေးပြီး သန်မာစေပါတယ်။ ဒါ့အပြင် ဆံကေသာခြောက်သွေ့ကြမ်းတမ်းခြင်းမှ ကာကွယ်ပေးပြီး ဦးရေပြားကို အစိုဓာတ်ထိန်းပေးထားပါတယ်။

ပြုလုပ်နည်းကတော့ လွယ်လွယ်လေးပါပဲ။ ကြက်ဥအနှစ်တစ်လုံးကို သမအောင် မွှေခလောက်လိုက်ပါ။ ဒိန်ချဉ်အနည်းငယ်ထည့်ပြီး ကြက်ဥနဲ့ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆံပင်ကို ရေစိုအောင် ဆွတ်လိုက်ပါ။ ထို့နောက် ကြက်ဥဒိန်ချဉ်အရောအနှောဖြင့် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ကြာမှ ရိုးရိုးရေဖြင့် ဆေးချလိုက်ပါ။

နည်းလမ်း (၂)

နည်းလမ်း (၂) ကတော့ အစားအစာပိုင်းနဲ့ ပတ်သက်ပါတယ်။ ငါးအမျိုးမျိုး၊ ငါးကြီးဆီ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပင်လယ်စာ၊ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သားများ၊ အစေ့အဆံများ များများ စားသုံးပေးရမှာဖြစ်ပါတယ်။ ထိုအစားအစာတွေက ဆံကေသာ အရှည်မြန်စေပြီး သန်မာစေပါတယ်။

နည်းလမ်း (၃)

သင့်ရဲ့ဦးရေပြားပေါ်ရှိ သဘာဝအဆီဟာ ဆံပင်တစ်ခါလျှော်တိုင်း တစ်ခါဆုံးရှုံးသွားလေ့ရှိပါတယ်။ ဦးရေပြားခြောက်သွေ့လေ ဆံကေသာ အားနည်းသွားလေပါပဲ။ ဒါ့ကြောင့် ခေါင်းလျှော်မယ်ဆိုရင် တစ်ပတ်လျှင် နှစ်ခါထက် ပိုမလျှော်မိဖို့ပါပဲ။ ဒါ့အပြင် ခေါင်းလျှော်တိုင်း Conditioner သုံးပေးပါ။ ခေါင်းလျှော်ရည် ၁ ဆ သုံးလျှင် Conditioner ကို ၂ ဆ သုံးပေးရပါမယ်။