ဝိတ်လျော့ချင်နေပါသလား။ Detox ဖျော်ရည်များ သောက်သုံးကြည့်လိုက်ပါ။ Detox ဖျော်ရည်တွေက သဘာဝသစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဆေးဖက်ဝင်အပင်များဖြင့် ဖျောစပ်ထားတဲ့အတွက်ကြောင့် ဝိတ်ချချင်သောသူများအတွက် အသင့်တော်ဆုံးပါပဲ။ သင့်အနေနဲ့ အရသာလည်းရှိပြီး ဝိတ်အမြန်ကျဖို့အတွက် ကူညီပေးတဲ့ Detox ဖျော်ရည်ကို ဖျော်စပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းများဖြင့် ဖျော်စပ်နိုင်ပါတယ်။

ပျားရည်၊ သံပုယိုသီးနှင့် ဂျင်း

ပါဝင်မယ့်ပစ္စည်းများကတော့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုသီး တစ်ခြမ်း၊ လက်မဝက်အရွယ်အစားရှိ ဂျင်းတုံး ၁ တုံးနှင့် ရေနွေး တစ်ဖန်ခွက်တို့ လိုအပ်ပါလိမ့်မယ်။ ရေနွေးကို အနည်းငယ် အပူပေးပါ။ ပွက်ပွက်ဆူအောင် အပူပေးစရာမလိုပါဘူး။

ဂျင်းကို ညှက်နေအောင် ထောင်းပါ။ ထို့နောက် ရေနွေးထဲသို့ သံပုယိုသီး ညှစ်ထည့်ပါ။ ဂျင်း ထည့်ပါ။ ပျားရည်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပူနွေးနေတုန်းမှာ သောက်သုံးပေးလိုက်ပါ။ သူ့ရဲ့အကျိုးကျေးဇူးကတော့ ကိုယ်အလေးချိန်ကျစေခြင်းနှင့် အဝလွန်ခြင်းမှ ကာကွယ်ပေးခြင်းတို့ပဲဖြစ်ပါတယ်။

လိမ္မော်သီးနှင့် ပျားရည် Detox

လိမ္မော်သီး တစ်လုံး၊ မုန်လာဥနီ တစ်လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နံနံပင် အနည်းငယ်၊ ရေနှင့် ရေခဲတုံးအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ မုန်လာဥနီကို ပါးပါးလှီးထားပါ။ လိမ္မော်သီးကို အခွံခွာထားပါ။ ထို့နောက် လိမ္မော်သီးနှင့် မုန်လာဥနီကို ဖျော်စက်ထဲထည့်ပါ။ ပျားရည်နှင့် နံနံပင်၊ ရေတို့ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။ သောက်ခါနီးကျမှ ရေခဲတုံးထည့်ကာ အေးအေးလေး သောက်သုံးနိုင်ပါတယ်။

စတော်ဘယ်ရီနှင့် သစ်ကြမ်းပိုးခေါက်

စတော်ဘယ်ရီ ၇ လုံး (သို့) ၈ လုံးခန့်ကို ထက်ခြမ်း ခြမ်းကာ ရေခရားထဲ ထည့်ထားပါ။ ပင်စိမ်းရွက်အနည်းငယ်နှင့် သစ်ကြမ်းပိုးခေါက် တစ်ချောင်း ထပ်ပေါင်းထည့်ပါ။ ရေခရားထဲသို့ ရေ တစ်လီတာထည့်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်ညခန့် ထည့်ထားလိုက်ပါ။ နောက်တစ်နေ့မနက်ခင်းမှာတော့ သောက်သုံးဖို့ အဆင်သင့်ဖြစ်ပါပြီ။

အထက်ဖော်ပြပါ Detox ဖျော်ရည်များထဲမှ မိမိကြိုက်နှစ်သက်ရာ တစ်ခုခုကို မှန်မှန်သောက်သုံးပေးပါက ကိုယ်အလေးချိန်များ သိသိသာသာလျော့ကျသွားပါလိမ့်မယ်။