အထူးသဖြင့်တော့ မိန်းကလေးတော်တော်များများက ကိုယ့်ချစ်သူအပေါ်မှာ ချုပ်ချယ်ချင်ကြတယ်၊ အရာရာကို ထိန်းချုပ်ပြီး Control လုပ်ချင်ကြတယ်။ ယောင်္ကျားလေးဆိုတာမျိုးကလည်း သူတို့ကို ချုပ်ချယ်တာ၊ Control လုပ်တာကို လုံးဝမကြိုက်ကြတဲ့သူမျိုးတွေဆိုတော့ ရန်ဖြစ်စကားများကြတော့တာပေါ့။ ဒါကျတော့ မိန်းကလေးဘက်က လျှော့ပေး၊ နားလည်ပေးဖို့ လိုပါတယ်။ စစချင်းမှာတော့ ခက်ခဲနေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ချစ်သူအပေါ်မှာ ချုပ်ချယ်ပြီး Control လုပ်ချင်တဲ့စိတ်ကို ပျောက်အောင် ကူညီပေးနိုင်မယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အရင်ဆုံးစဉ်းစားရမှာကတော့ ကိုယ့်ချစ်သူကို တကယ်ချစ်လား၊ ပြတ်နိုင်လား စဉ်းစားပါ။ ပြတ်နိုင်တယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက်လုပ်ပါ။ မပြတ်နိုင်ဘူးချစ်တယ်ဆိုရင်တော့ လက်ခံပေးဖို့ပဲ ရှိပါတယ်။ သူရဲ့ပုံစံကို ကိုယ်ကသွားပြောင်းချင်လို့ မရပါဘူး။ သူ့ပုံစံကို လက်ခံပေးဖို့ပဲ ရှိပါတော့တယ်။

ယောင်္ကျားလေးဆိုတာကလည်း ဘော်ဒါတွေနဲ့ သွားချင်လာချင်၊ သောက်ချင်စားချင်တာ သဘာဝပါ။ ဒါကို မသွားနဲ့ မလုပ်နဲ့ဆိုပြီး ချုပ်ချယ်လို့ မရပါဘူး။ ကိုယ့်အနေနဲ့ နားလည်ပေးလိုက်ပါ။ ယောင်္ကျားလေးသူငယ်ချင်း၊ ဘော်ဒါတွေနဲ့ သွားတာလာတာ သောက်စားတာကို ခွင့်ပြုပေးလိုက်ပါ။

ဘယ်အချိန်ပြန်မှာလဲ၊ မပြန်သေးဘူးလားဆိုပြီး ဖုန်းတွေဆက်၊ စာတွေပို့ပြီး စိတ်ရှုပ်အောင် သွားမလုပ်ပါနဲ့။ ဒီတိုင်း ကြည်ကြည်ဖြူဖြူနဲ့ လွှတ်ထားပေးလိုက်ပါ။ နောက်ပိုင်းကျရင် ကိုယ်တောင် လိုက်မေးစရာမလိုပဲ ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတာတွေ သင့်ကို သူ့အလိုလို ပြောပြလာပါလိမ့်မယ်။

ကိုယ်က သဝန်တိုတတ်တယ်ဆိုရင်တော့ မိန်းကလေးကိစ္စတွေတော့ ခွင့်မပြုကြောင်း၊ မိန်းကလေးကိစ္စတွေဆို ကိုယ့်အနေနဲ့ လုံးဝမကြိုက်ကြောင်း သေချာပြောပြထားပြီး ကျန်တာတွေကိုတော့ ခွင့်ပြုပေးလိုက်ပါ။ သူ့ဆီကလည်း ကတိတောင်းပါ။ နှစ်ယောက်သား တစ်ခါထဲ ညှိုယူထားပါ။

ကိုယ်စိတ်ဆိုးနေရင်တောင် သူတို့မူးနေတဲ့အချိန်မှာတော့ သွားမပြောပါနဲ့။ သည်းခံတတ်တဲ့ယောင်္ကျား၊ တော်ရုံဘာမှသိပ်မပြောတတ်တဲ့ ယောင်္ကျားတောင် မူးနေတဲ့အချိန်မှာတော့ ပြောရဲတယ်၊ ပြောတတ်ပါတယ်။ ဒါကြောင့် သူတို့မူးနေတဲ့အချိန်မှာ ကိုယ်သွားပြောရင်၊ သောင်းကျန်းရင် ကိုယ့်ကို ရင့်ရင့်သီးသီးတွေ ပြောလာပါလိမ့်မယ်။ အဲ့ကျရင် ကိုယ်ပဲပိုစိတ်တိုပြီး ဝမ်းနည်းရတာပါ။ ဒါကြောင့် ပြောချင်ရင် နောက်နေ့မှ အေးဆေးပြောပါ။

ယောင်္ကျားလေးတွေက ချိုချိုသာသာပြောတာ၊ ကောင်းကောင်းမွန်မွန်ပြောတာကို အရမ်းသဘောကျပါတယ်။ ဒါကြောင့် တစ်ခုခုပြောချင်ရင်၊ မကြိုက်တာရှိရင်၊ စိတ်ဆိုးမာန်ဆိုးနဲ့မပြောပဲ လေချိုသွေးပြီး ကောင်းကောင်းပြောကြည့်ပါ။ ဒီလိုမျိုးဆက်ဆံပေးရင် နောက်ပိုင်း သူ့ဘာသာသူ ပြောင်းလဲလာပါလိမ့်မယ်။ သင်လိုက်ပြောစရာမလိုပဲ သူ့ဘာသာသူပြောပြလာတာ၊ လုပ်ပေးလာတာတွေ ရှိလာပါလိမ့်မယ်။

ဒါကြောင့် ယောင်္ကျားတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျဖြစ်လာအောင် အတင်းလုပ်ယူနေတာ၊ ထိန်းချုပ်ပြီး Control လုပ်နေတာထက်စာရင် ကိုယ့်ဘက်ကနေ အရင်ပြောင်းလဲပေးပြီး ပိုကောင်းပေးလိုက်ရင်၊ ကိုယ်သာ အလိမ္မာလေးသုံးတတ်ရင် သူ့အလိုလို ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ အားနာလာပြီး ပြောင်းလဲလာပါလိမ့်မယ်။

ဒီလိုလုပ်တာတွေက ကိုယ့်ဘက်ကနေပဲ အလျှော့ပေးနေရတယ်လို့ မထင်ပါနဲ့။ ကိုယ်လည်း ပူလောင်နေရတာတွေ လျော့သွားပြီး အရင်ထက် ပိုစိတ်ချမ်းသာရပါလိမ့်မယ်။ Relationship တစ်ခုလည်း ပိုပြီးအဆင်ပြေလာပါလိမ့်မယ်။

photo source: www.freepik.com