လူတွေက အရမ်းချစ်မိသွားတဲ့အခါမှာ မကောင်းတဲ့၊ နာကျင်ရတဲ့ Toxic Relationship ကိုတောင် လက်မလွှတ်နိုင်ပဲ ဖက်တွယ်ထားတတ်ကြပါတယ်။ ဒီလိုဖက်တွယ်ထားလေ ကိုယ်က နာကျင်ရလေပါပဲ။ ဒါကြောင့် ဘယ်လောက်ချစ်ချစ် မဖြစ်နိုင်တော့ရင်၊ အရမ်းနာကျင်လာရရင် ကြိုးစားပြီး လက်လွှတ်လိုက်သင့်ပါတယ်။ ဒါကြောင့် ကိုယ်ကအရမ်းချစ်နေပေမယ့်လည်း Toxic Relationship ကနေ ရုန်းထွက်နိုင်မယ့်နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

ကိုယ့်စိတ်ကိုအရင်ပြင်ဆင်ပါ

လက်ရှိအခြေအနေကို လက်ခံလိုက်ပါ။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ။ ကိုယ်ဘယ်လောက် နာကျင်နေရပြီလဲ၊ ဘယ်လောက်ခံစားနေရပြီလဲဆိုတာကို ကြည့်ပါ။ ဆက်ပြီး ဖက်တွယ်ထားရင်ကော အရင်လို ပြန်ပျော်နိုင်မှာမို့လို့လားဆိုတာကို သေချာစဉ်းစားပါ။ မဖြစ်နိုင်တော့ဘူးဆိုတာကို ကိုယ်တိုင်လည်း သိနေပြီဆိုရင် ဆက်ပြီးခေါင်းမာမနေပါနဲ့တော့။ ခံစားရရင်လည်း အချိန်တစ်ခုအထိပဲ ခံစားရမှာမို့ စွန့်လွှတ်ပြီးသာ ခံစားလိုက်ပါ။ တစ်သက်လုံးတော့ ဘယ်သူ့မှ ခံစားမနေရတဲ့အတွက် အချိန်တန်ရင် အဆင်ပြေသွားမှာပါ။

ကိုယ့်ပျော်ရွှင်မှုကိုရှာဖွေကြည့်ပါ

ကိုယ့်ကိုယ်ကိုလည်း ချစ်ပေးပါ။ တန်ဖိုးထားပေးပါ။ သူများအတွက် ခံစားပြီး ဝမ်းနည်းမနေပါနဲ့။ ဒီနွံထဲမှာပဲ အနစ်မခံပါနဲ့။ ကိုယ်ပျော်ရွှင်ဖို့လည်း ရှာဖွေပါအုံး။ အချိန်ရှိတိုင်း ဒီအကြောင်းတွေ၊ သူ့အကြောင်းတွေကို တွေးနေမယ့်အစား ကိုယ်ပျော်ရွှင်ရမယ့်အရာလေးတွေကို ရှာဖွေပြီး လုပ်ကြည့်ပါ။ ကိုယ့်မှာ ပျော်ရွှင်မှုလေးတွေ ရှိလာတဲ့အခါ အဲ့အရာတွေကို ခုန်မင်တတ်လာပါလိမ့်မယ်။ ပျော်ရွှင်ရတဲ့အတွက် ဒါကိုပဲ လုပ်ချင်လာပါလိမ့်မယ်။ ကိုယ်ပျော်ရွှင်ဖို့ကိုပဲ ပိုပြီးမက်မောလာတတ်ပါလိမ့်မယ်။

အရာရာကိုဖျက်ဆီးပစ်ပါ

အရမ်းချစ်နေလည်း မဖြစ်နိုင်တော့ရင်တော့ မေ့ပစ်ဖို့ကြိုးစားရုံပဲ ရှိပါတော့တယ်။ ဒါကြောင့် ခံစားသင့်သလောက်ခံစားပြီး ဝမ်းနည်းပြီး ငိုကြွေးပြီးပြီဆိုရင် မေ့ပစ်နိုင်အောင် ကြိုးစားဖို့က ကိုယ့်တာဝန်ဖြစ်သွားပါပြီ။ သူနဲ့ပတ်သက်သမျှ အရာအားလုံး သေးသေးလေးကအစ ဘာမှမရှိတော့အောင် ဖျက်ဆီးပစ်ပါ။ တွေ့နေမြင်နေရင်တော့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ မြင်တိုင်းသတိရပြီး တွေးမိနေပါလိမ့်မယ်။

မအားအောင်နေပါ

လူဆိုတာကလည်း အားနေရင် လုပ်စရာမရှိတော့ တစ်ခုခုမြင်တာနဲ့ စိတ်ထဲတစ်ခုခုပေါ်လာတာနဲ့တင် ဟိုတွေးဒီတွေးနဲ့ လျှောက်တွေးနေတော့ တာပါပဲ။ ဒါကြောင့် မအားအောင်နေပါ။ အလုပ်ရှုပ်အောင်နေပါ။ ဒါဆိုရင် ဒီအကြောင်းအရာတွေကို တွေးပြီး ဝမ်းနည်းဖို့နေနေသာသာ ခေါင်းထဲ ထည့်ချိန်တောင် ရှိတော့မှာမဟုတ်ပါဘူး။

ဒီအရာတွေကိုလုပ်ရင်းနဲ့ပဲ ခံစားရတာတွေ လျော့လာပြီး အဆင်ပြေသွားပြီး ပျော်ရွှင်ရတဲ့နေ့ရက်တွေ ပြန်လည်ရရှိလာပါလိမ့်မယ်။

photo source: www.freepik.com