တော်တော်များများက ညဘက်ရောက်ရင် ဟိုးတွေးဒီတွေးနဲ့ အတွေးတွေများပြီး ဝမ်းနည်းစိတ်တွေ ဝင်လာတတ်ပါတယ်။ တစ်နေကုန်အကောင်း ညဘက်ရောက်မှ ဖြစ်လာတာမျိုးတွေလည်း ရှိပါတယ်။ များသောအားဖြင့်တော့ ဒီလိုအတွေးမျိုးဝင်တဲ့သူတွေက ညဘက်တော်ရုံနဲ့အိပ်မပျော်တဲ့သူတွေ၊ နောက်ကျမှအိပ်တတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ညဘက်ရောက်ရင် အတွေးများပြီး ဝမ်းနည်းစိတ်တွေဝင်မလာအောင် လုပ်ပေးနိုင်မယ့်အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။

ဖုန်းသုံးတာလျော့ပါ။ အထူးသဖြင့် ၉ နာရီနောက်ပိုင်းမှာ ဖုန်းကြည့်တာ၊ Social media သုံးတာကို ရပ်လိုက်ပါတော့။

၉ နာရီနောက်ပိုင်းမှာ ယောဂကျင့်တာပဲဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ အချိန်ပိုရင် စာအုပ်ဖတ်ပါ။

၁၀ နာရီဆိုအိပ်ပါ။ အချိန်မှန်မှန် ည ၁၀ နာရီဆို အိပ်တတ်တဲ့အကျင့်ဖြစ်အောင် ပြန်လုပ်ယူဖို့ လိုပါတယ်။ ကောင်းကောင်းအိပ်ပျော်ဖို့၊ မြန်မြန် အိပ်ပျော် ဖို့ဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ၂ ချက်ကို လုပ်ပေးဖို့ လိုပါတယ်။ အိပ်ခါနီးထိ ဖုန်းသုံးနေရင် ကောင်းကောင်းအိပ်မပျော်ပါဘူး။

ညစာကို အာဟာရမျှတအောင် သေချာစားသောက်ပါ။ ညမိုးချုပ်မှာ ညစာစားတာမျိုးမလုပ်ပါနဲ့။ အစာမကြေရင် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ညစာကို သေချာမစားရင်လည်း ဗိုက်ဆာလို့ အိပ်ပျော်မှာ မဟုတ်ပါဘူး။ အိပ်မပျော်ရင် အတွေးတွေနယ်ချဲ့မိမှာပါပဲ။

အပေါ်မှာပြောခဲ့တဲ့အချက်တွေလုပ်တာတောင်မှ ညဘက်ရောက်ရင် ဟိုတွေးဒီတွေးနဲ့ ဝမ်းနည်းတဲ့စိတ်တွေ ဝင်နေတုန်းပဲဆိုရင်တော့ သွေးပူသွားအောင် လေ့ကျင့်ခန်းထလုပ်ပါ။ တအားစိတ်ရှုပ်နေရင် လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးပါ။

ကိုယ့်အိပ်ခန်းကို ရှင်းရှင်းလင်းလင်းထားပါ။ အိပ်ခါနီး စိတ်ကြည်လင်နေအောင် အမွှေးနံ့သာ တစ်ခုခုဖြန်းပါ။ ကိုယ်အကြိုက်ဆုံး ရေမွှေးနံ့လေး နည်းနည်းလောက်ဖြန်းပေးရင်တော့ ပိုကောင်းတာပေါ့။

နောက်ဆုံးမှာတော့ တရားထပ်ထိုင်ပြီး အိပ်လိုက်ပါ။ သိသိသာသာကို နေလို့ကောင်းလာပြီး အတွေးတွေလည်း မများတော့ပဲ စိတ်ကြည်လင်လာမယ်၊ စိတ်ပျော်ရွှင်လာပါလိမ့်မယ်။

photo source: www.freepik.com