လက်သည်းအရှည်ထားတဲ့သူတချို့မှာ ကြုံတွေ့ရတဲ့ ပြဿနာကတော့ လက်သည်းက အကုန်ကျိုးတာမျိုးလည်းမဟုတ်ပဲ ဘေးဘက်ကနေ ပဲ့ထွက်ကုန်တာမျိုးပါ။ ဒါကြောင့် လက်သည်းတွေ ခဏခဏပဲ့ထွက်ကုန်တာကို သက်သာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို များများစားပေးပါ။ သံဓာတ် supplements တွေ သောက်မယ်ဆိုလည်း ရပါတယ်။

လက်သည်းကရှည်လာတာနဲ့ ပဲ့ထွက်ကုန်တာမျိုး ခဏခဏဖြစ်တယ်ဆိုရင် လက်သည်းကို အရမ်းအရှည်ကြီးမထားပါနဲ့။ အရှည်ထားချင်ရင်တော့ နည်းနည်းလေးပဲထားပါ။ အမြဲဂရုတစိုက်နဲ့ လက်သည်းညှပ်ပေးပါ။

လက်သည်းကို လေးထောင့်ပုံစံထားတာထက်စာရင် အဝိုင်းပုံလေးထားတာက ပိုပြီးတော့ လက်သည်းပဲ့ထွက်တာ သက်သာစေပါတယ်။

ကိုယ့်လက်သည်းက ခဏခဏပဲ့ထွက်ကုန်တာမျိုးဖြစ်တတ်ရင် လက်သည်းလိမ်းတဲ့ အားဖြည့်ဆီလေးတွေ နေ့တိုင်းလိမ်းပေးပါ။

လက်သည်းနီဆိုးတဲ့အခါမှာ လက်သည်းနီတိုက်ရိုက်ဆိုးချတာမျိုး မလုပ်ပါနဲ့။ အရင်ဆုံး base coat ဆိုးပြီးမှသာ ကိုယ်ဆိုးချင်တဲ့ လက်သည်းနီကိုဆိုးပါ။

လက်သည်းနီဆိုးပြီးရင် မြန်မြန်ခြောက်ဖို့အတွက် လက်သည်းကို ရေခဲရေစိမ်ပေးပါ။

ကိုယ်ဆိုးချင်တဲ့လက်သည်းနီဆိုးပြီးတိုင်းမှာ top coat ထပ်ဆိုးပေးဖို့လည်း မမေ့ပါနဲ့။

လက်သည်းနီကို အမြဲတမ်းဆိုးထားတာမျိုး၊ ခဏခဏဆိုးလိုက်၊ ဖျက်လိုက်နဲ့လည်း မလုပ်ပါနဲ့။ လက်သည်းပျက်စီးရင်လည်း လက်သည်းတွေက ခဏခဏပဲ့ထွက်တာ၊ ကျိုးတာတွေ ဖြစ်လေ့ရှိပါတယ်။

လက်သည်းတွေ တော်ရုံနဲ့ပဲ့ထွက်တာ၊ ကျိုးတာမျိုးမဖြစ်ရအောင် လက်သည်းခွံက မာနေဖို့လိုပါတယ်။ ဒီလိုလက်သည်းခွံမာပြီး ဝါညစ်နေတာတွေပါ သက်သာစေဖို့ လက်သည်းကို သံပုရာသီးနဲ့ ပွတ်ပေးပါ။