လူတိုင်းဟာ ဘဝမှာ စိတ်ညစ်စရာတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ အရမ်းကို စိတ်ဓာတ်ကျလောက်အောင် စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေနဲ့လည်း ကြုံတွေ့ဖူးကြမှာပါ။ ဒီလိုသူတွေအတွက် ဘဝမှာ စိတ်ညစ်စရာတွေကိုကြုံတွေ့ခဲ့ပြီးရင် ပြန်လည်ပျော်ရွှင်စွာနဲ့ နေနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ဒီအရာတွေကြောင့်ပဲ ချက်ချင်းမပျော်နိုင်ရင်တောင် ပထမဆုံးအနေနဲ့ စိတ်သက်သာရာရပြီး စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ အကျင့်ဖြစ်သွားရင်တော့ ကြာလာတဲ့အခါမှာ စိတ်ညစ်စရာတွေနည်းပြီး ပြန်လည်ပျော်ရွှင်ရပါလိမ့်မယ်။

လူတွေရဲ့အပြုအမူ၊ အပြောအဆိုတွေကို လိုက်ဂရုမစိုက်ပါနဲ့။ လိုက်ဂရုစိုက်နေသရွေ့တော့ နာကျင်နေရအုံးမှာပါပဲ။ အရာရာကို ပေါ့ပေါ့ပါးပါးပဲ တွေးပြီး စိတ်ထဲကြာကြာထည့်မထားပါနဲ့။ လူတွေကို လျစ်လျူရှုထားနိုင်အောင် ကြိုးစားပါ။ ဒါဆိုရင် ဘယ်သူကတော့ ငါ့ကိုဂရုမစိုက်လို့၊ ငါ့ကိုမချစ်တော့လို့ဆိုပြီးလည်း ဝမ်းနည်းနေမှာ မဟုတ်တော့ပါဘူး။

အကောင်းဘက်ကတွေးပါ။ ဘယ်အရာမဆို အဆိုးဘက်ကနေ အရင်မတွေးပဲနဲ့ ကောင်းတဲ့ဘက်ကို ပြောင်းတွေးကြည့်လိုက်ပါ။ မှန်နေသည်ဖြစ်စေ၊ မှားနေသည်ဖြစ်စေ အနည်းဆုံးတော့ ကိုယ့်စိတ်သက်သာရာရစေတာပေါ့။

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ အောင်မြင်ချင်ရင် ကြိုးစားလိုက်ပါ။ လှချင်ရင် အလှပြင်ပါ။ လှအောင်နေပါ။ တခြားသူတွေနဲ့တော့ လိုက်မနှိုင်းယှဉ်ပါနဲ့။ သူများနဲ့လိုက်နှိုင်းယှဉ်နေတာက ကိုယ့်စိတ်ကို ကိုယ်တိုင်ဆွဲချနေတာနဲ့ တူတူပါပဲ။

ကိုယ့်ကိုယ်ကိုယုံပါ။ ငါလုပ်နိုင်တယ်၊ ငါဖြစ်နိုင်တယ်ဆိုတဲ့စိတ်ထားပါ။ လူတစ်ယောက်ကို မေ့ပစ်ချင်ရင်၊ ကိုယ့်ဘဝထဲက ဆွဲထုတ်ချင်ရင်လည်း ငါမေ့ပစ်နိုင်တယ်၊ တစ်ယောက်ထဲလည်း ရပ်တည်နိုင်တယ်ဆိုတဲ့စိတ်ထားပြီး နေကြည့်ပါ။ မေ့ပစ်ကြည့်ပါ။ မလုပ်နိုင်တာမဟုတ်ပါဘူး။ လူတိုင်းက လုပ်နိုင်ပါတယ်။ မလုပ်ချင်တာ၊ မမေ့ပစ်လိုက်ချင်တာကြောင့်သာ တောင့်ခံပြီး စိတ်ညစ်နေရတာပါ။

ပြုံးရယ်ဖို့ မမေ့ပါနဲ့။ ဘာကိစ္စပဲရှိနေပါစေ။ များများပြုံးပါ၊ ရယ်ပါ။ ပျော်စရာတွေကို များများဖန်တီးပြီးနေပါ။ ပျော်စရာတွေကိုပဲ ရှာဖွေပါ။ တစ်ယောက်ထဲမနေပါနဲ့။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ နေပါ။ ဒါက ကိုယ့်အတွက် စိတ်ရောလူပါ ပျော်ရွှင်မှုရစေပါတယ်။

ကိုယ့်ကိုယ်ကိုချစ်ပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ ကောင်းတာတွေများများလုပ်ပြီး စိတ်ချမ်းသာအောင်နေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ဒါဆိုရင် စိတ်ရောလူပါ ပျော်ရွှင်နိုင်ပါတယ်။

photo source: www.freepik.com