ပြတ်သွားတဲ့ရည်းစားဟောင်းကို မမေ့နိုင်လို့ ပြန်ဆက်သွယ်ချင်နေတာမျိုး ဖြစ်ဖူးကြမှာပါ။ တစ်ဖက်လူကလည်း ကိုယ့်ကိုချစ်နေသေးတယ်၊ နှစ်ယောက်လုံးချစ်နေရက်နဲ့ ခဏရန်ဖြစ်စကားများပြီး ပြတ်ကြတာဆိုရင်တော့ ဆက်သွယ်ရမှာပေါ။ ဒါပေမယ့် တစ်ဖက်လူကလည်း ကိုယ့်ကိုမချစ်တော့ဘူး၊ ပြန်တွဲဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုရင်တော့ မဆက်သွယ်မိအောင် နေရမှာပါပဲ။ ဒီလိုအချိန်မှာ ရည်းစားဟောင်းဆီ ပြန်ဆက်သွယ်ချင်နေတဲ့စိတ်ကို တားဆီပေးနိုင်မယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ပို့ချင်တာတွေကို note ထဲမှာပဲရေးလိုက်ပါ

ကိုယ့်အနေနဲ့ သူ့ကိုပြန်ဆက်သွယ်ပြီး ပြောချင်နေတာတွေအားလုံးကို ဖုန်း note ထဲမှာပဲ အားလုံးချရေးလိုက်ပါ။ ဒီလိုချရေးလိုက်တာက စိတ်ပေါ့သွားစေပါတယ်။ ရေးပြီးရင် မဖျက်ပဲထားထားပါ။ ခဏခဏဝင်ဖတ်မိရင် သူ့ကိုလည်း ပို့ချင်စိတ်ရှိတော့မှာမဟုတ်ပါဘူး။ အဲ့အခါကျမှ ဖျက်လိုက်ပါ။

ဆက်သွယ်လို့ရမယ့်အရာမှန်သမျှဖျက်လိုက်ပါ

ဖုန်းနံပါတ်တွေ၊ facebook တွေ စတဲ့ social media တွေမှာ ရှိနေသေးရင်တော့ မြင်နေတွေ့နေတဲ့အတွက် ကိုယ့်စိတ်ကိုမထိန်းနိုင်ရင် ဆက်သွယ်မိမှာပါပဲ။ ဒါကြောင့် ဆက်သွယ်လို့ရမယ့် အရာမှန်သမျှကို ဖျက်ပစ်ပါ။ block ပစ်ပါ။ ဖုန်းနံပါတ်ကတော့ အလွတ်ရနေလည်း အလွယ်တကူ မဆက်သွယ်မိအောင် ဖျက်ထားတာ (သို့) block ထားတာမျိုး လုပ်လိုက်ပါ။

သင့် best friend ဆီကိုဖုန်းဆက်ပါ

အရမ်းသတိရပြီး ပြန်ဆက်သွယ်ချင်စိတ်တွေဖြစ်နေရင်၊ အရမ်းဝမ်းနည်းလာရင် ကိုယ့်ရဲ့ best friend ဆီကို ဖုန်းဆက်ပြီး ရင်ဖွင့်လိုက်ပါ။ ဒီလိုလုပ်တာက စိတ်သက်သာရာရပြီး စိတ်ပေါ့သွားစေပါတယ်။ သူ့ကိုလည်း မဆက်သွယ်မိတော့ပါဘူး။

စိတ်ပြေလက်ပျောက်အပန်းဖြေခရီးထွက်ပါ

ရည်းစားဟောင်းကို သတိရလို့၊ မပြတ်နိုင်လို့ အရမ်းခံစားနေရပြီဆိုရင် ကိုယ့်စိတ်ကို relax လုပ်ပေးဖို့၊ ပြန်လည်ကုစားပေးဖို့ လိုပါတယ်။ ဒါကြောင့် တစ်နေရာရာကို စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်တာမျိုး လုပ်ပေးပါ။ စိတ်ကြည်လင်ပြီး ညစ်နေတာတွေ၊ ခံစားနေရတာတွေက သက်သာသွားပါလိမ့်မယ်။

စိတ်တည်ငြိမ်စေမယ့်အရာတွေကိုရွေးလုပ်ပါ

တစ်ချိန်လုံး ဒီအကြောင်းတွေပဲတွေးမိပြီး ဝမ်းနည်းနေမယ်၊ သတိရနေမယ်၊ မနေနိုင်လို့ ပြန်ဆက်သွယ်ချင်နေမယ်ဆိုရင်တော့ ဒီစိတ်တွေအားလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် အာရုံစူးစိုက်ရမယ့်အလုပ်တွေ၊ စိတ်တည်ငြိမ်စေမယ့်အရာတွေကို ရွေးပြီးလုပ်ပေးပါ။ ဒီထဲကိုပဲ အာရုံစိုက်ပြီး စိတ်နှစ်ထားရတဲ့အတွက် ရည်းစားဟောင်းနဲ့ပတ်သက်ပြီး စဉ်းစားချိန်မရှိတော့ပါဘူး။