Relationship တစ်ခုမှာ ပျော်ရွှင်မှုအပြည့်အဝရဖို့၊ ခိုင်မြဲဖို့ဆိုတာလည်း နှစ်ယောက်လုံးနဲ့ သက်ဆိုင်ပါတယ်။ တည်ဆောက်ပုံမှားနေရင်လည်း ဘယ်လောက်ချစ်ချစ် ရေရှည်မှာအဆင်မပြေပါဘူး။ ဒါကြောင့် ပျော်ရွှင်မှုအပြည့်နဲ့ အချိန်ကြာကြာခိုင်မြဲစေတဲ့ Relationship အမျိုးအစားတွေကို ပြောပြပေးလိုက်ပါတယ်။
နားလည်မှုအပြည့်အဝရှိတဲ့ Relationship
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အဝရှိတဲ့ Relationship ကို တည်ဆောက်ထားရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တာ နည်းသွားပါလိမ့်မယ်။ ခဏခဏရန်ဖြစ်ရတာတွေလည်း နည်းသွားတာကြောင့် ကြည်နူးပျော်ရွှင်ရတဲ့ အချိန်တွေပိုများလာပြီး တစ်ယောက်နဲ့တစ်ယောက် ပိုချစ်လာပါလိမ့်မယ်။ ဒီလို Relationship မျိုးက အချိန်ကြာကြာလည်း မြဲစေပါတယ်။
ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့ Relationship
Relationship တစ်ခုမှာ ယုံကြည်မှုမရှိရင် ဘယ်လောက်ပဲချစ်ချစ် ပြတ်ကြတာပါပဲ။ ဒါကြောင့် ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ Relationship တွေဆိုရင် အချိန်အကြာကြီး ခိုင်မြဲစေပါတယ်။ ယုံကြည်မှုရှိဖို့အတွက် တစ်ဖက်ကလည်း ယုံအောင်နေဖို့၊ သစ္စာရှိဖို့လိုပါသေးတယ်။ ကိုယ်တိုင်က သူများယုံကြည်အောင်မနေရင်တော့ သံသယဖြစ်တာခံရပြီး ယုံကြည်မှုလည်း ရမှာမဟုတ်ပါဘူး။
ခွင့်လွှတ်သည်းခံတတ်တဲ့ Relationship
တော်ရုံတန်ရုံကိစ္စတွေကို အရမ်းလိုက်ပြောမနေတော့ပဲ သည်းခံပေးလိုက်တာ၊ အရမ်းကြီးမားနေတာမျိုးမဟုတ်ရင် ပြဿနာအကြီးကြီးမလုပ်ပဲ ခဏလောက်စိတ်ဆိုး၊ စိတ်ကောက်တာလောက်ပဲလုပ်ပြီး ခွင့်လွှတ်ပေးလိုက်ပါ။ ကိုယ်တိုင်လည်း စိတ်မပင်ပန်းတော့သလို Toxic Relationship လည်း မဖြစ်တော့ဘူးပေါ့။ အရာရာကိုလိုက်ပြောပြီး ချုပ်ချယ်နေရင် ကိုယ်ပဲပူလောင်ရပါတယ်။ အပြည့်အဝလည်း မပျော်ရွှင်ရပါဘူး။
တစ်ဘဝလုံးစာအတွက်ရည်ရွယ်ထားတဲ့ Relationship
တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတဲ့ Relationship တွေကတော့ နှစ်ယောက်ဘဝအတွက်ပဲ စဉ်းစားပြီး ချစ်မြတ်နိုးနေရတာကြောင့် ရေရှည်တည်မြဲတာများပါတယ်။ တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းချစ်ကြတဲ့အတွက် ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်စေမှာပါ။