ဘဝမှာ ကောင်းမွန်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိတာက အရမ်းကိုကောင်းတဲ့ အရာတစ်ခုပါ။ အပေါင်းအသင်းများပြီး ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူမရှိရင် အလကားပါပဲ။ စစ်မှန်တဲ့သူတွေဖြစ်ဖို့ကပဲ အရေးကြီးတာပါ။ ကိုယ့်ဘက်က စိတ်ရင်းနဲ့ခင်မင်ပြီး အပေါင်းအသင်းလုပ်ဖို့ မကောင်းတဲ့ ဒီလိုလူမျိုးတွေလည်း ရှိပါသေးတယ်။
ကိုယ့်အပေါ်အမြဲဝေဖန်ကဲ့ရဲ့နေသူ
ဘယ်လောက်ပဲ ခင်မင်နေပါစေ စတာလား၊ တမင်အရှက်ခွဲပြီး ဖဲ့နေတာလား၊ ကဲ့ရဲ့နေတာလားဆိုတာက အသိသာကြီးပါ။ တချို့ကျတော့ စသလိုလိုနဲ့ တစ်ခုပြီးတစ်ခု ဝေဖန်ကဲ့ရဲ့လိုက်၊ Body Shaming လုပ်လိုက်နဲ့ ခဏခဏလုပ်လေ့ရှိပါတယ်။ ဒါမျိုးတွေက ကြာလာရင် ကိုယ်ပဲ စိတ်ဒဏ်ရာရစေပါတယ်။ ဒါကြောင့် ကိုယ့်ဘဝထဲကနေ ဒီလိုလူမျိုးတွေကို ထုတ်ပစ်ပါ။
ကိုယ့်အပေါ်မနာလိုစိတ်ရှိတဲ့သူ
မနာလိုဝန်တိုစိတ်ရှိတဲ့သူတွေက အရမ်းကြောက်ဖို့ကောင်းပါတယ်။ မနာလိုစိတ်ပြင်းထန်လာရင် ဘာမှမမြင်တော့ပဲ သူများကိုဒုက္ခရောက်အောင် ချောက်တွန်းတတ်ပါတယ်။ ဒါကြောင့် ဒီလူက ကိုယ့်အပေါ်မနာလိုစိတ်ရှိတာသိရင် ဝေးဝေရှောင်ပါ။
ကိုယ့်အပေါ်သစ္စာမရှိတဲ့သူ
ချစ်သူရည်းစား သစ္စာမရှိရင် ပြတ်စဲကြသလို သူငယ်ချင်း အပေါင်းအသင်းဆိုလည်း ကိုယ့်အပေါ်မှာသစ္စာမရှိပဲ နောက်ကျောဓားနဲ့ထိုးတာမျိုးဆိုရင် ကိုယ့်ဘဝထဲက ဖယ်ထုတ်ရမှာပါပဲ။ ကိုယ်က ယုံကြည်ပြီးပြောပြတာတွေကို ကိုယ့်နောက်ကွယ်မှာ ပြန်ပြီး အပုပ်ချနေတာမျိုး၊ ကိုယ့်ရည်းစားကိုမှ လာကြိုက်နေတာမျိုးတွေကိုလည်း ကိုယ့်ဘဝထဲက ထုတ်ပစ်ပါ။ ဒီလိုလူမျိုးတွေကို စိတ်ရင်းနဲ့ခင်မင်နေဖို့ မတန်ပါဘူး။
ကိုယ့်အပေါ်စိတ်ပုပ်စိတ်ယုတ်ရှိတဲ့သူ
ဒီလူက ကိုယ့်အပေါ်မှာ စိတ်ပုပ်စိတ်ယုတ်ရှိတာကို သိပြီဆိုရင် ဆက်ပြီးအပေါင်းအသင်း လုပ်ဖို့ မစဉ်းစားပါနဲ့တော့။ စိတ်ပုပ်စိတ်ယုတ်ရှိတဲ့သူတွေက သူငယ်ချင်းဆိုတာမျိုးကိုလည်း မသိပါဘူး။ သူတို့ထက် သာသွားတာမျိုးကိုလည်း လုံးဝမကြိုက်ပါဘူး။ အရှေ့မှာသာ ကောင်းပြနေပြီး နောက်ကွယ်ကျရင် အတင်းတုပ်၊ ကိုယ့်အပေါ် မကောင်းတဲ့စိတ်တွေ ထားနေတာမျိုးတွေပါ။