မဖြစ်နိုင်တော့တဲ့ Relationship ကို ဖက်တွယ်နေမယ့်အစား လက်လွှတ်လိုက်တာက သင့်အတွက် ပိုကောင်းပါတယ်။ မဟုတ်ရင်တော့ အချိန်ကြာလာလေ ကိုယ်ပဲပင်ပန်းပြီး ခံစားရလေ ဖြစ်လာမှာပါ။ အထူးသဖြင့် ဒီလိုစိတ်ပင်ပန်းမှုတွေ ရလာတာပါပဲ။

မပျော်ရွှင်ရတဲ့နေ့တွေများလာခြင်း

မဖြစ်နိုင်တော့တဲ့ Relationship ကို ဖက်တွယ်နေတဲ့အခါမှာတော့ နှစ်ယောက်လုံးပင်ပန်းရမှာပါ။ အထူးသဖြင့် သင်လက်မလွှတ်နိုင်ရင် သင်ပဲပိုပြီးခံစားရမှာပါ။ တစ်နေ့ထက်တစ်နေ့ မပျော်ရွှင်ရတဲ့နေ့တွေက များလာပြီးတော့ တခြားပျော်စရာရှိနေရင်တောင်မှ ဒီအကြောင်းတွေ ခေါင်းထဲရောက်လာရင် အပျော်က ပျက်သွားတာပါပဲ။

တစ်နေ့ထက်တစ်နေ့နာကျင်ခံစားလာရခြင်း

မဖြစ်နိုင်တော့တဲ့ Relationship ကို ဖက်တွယ်နေတဲ့အခါမှာတော့ စိတ်ဆင်းရဲစရာတွေနဲ့ တစ်နေ့ထက်တစ်နေ့ နာကျင်ခံစားလာရမှာပါ။ လက်လွှတ်လိုက်ရင် အချိန်တစ်ခုအထိပဲ နာကျင်ခံစားရမှာဖြစ်ပြီး အချိန်ကကုစားပေးသွားမှာပါ။ အဲ့လိုမဟုတ်ပဲ ဆက်ပြီးဖက်တွယ်ထားရင်တော့ ပိုပြီးနာကျင်ရဖို့ပဲ ရှိပါတယ်။

အထီးကျန်လာခြင်း

ရည်းစားနဲ့ ခဏလောက် ရန်ဖြစ်စကားများထားတဲ့အချိန်မှာတောင် ဝမ်းနည်းရပြီး အထီးကျန်သလို ခံစားရပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်အပေါ်ပြောင်းလဲသွားတာ၊ သူနဲ့မဖြစ်နိုင်တော့တာကို သိရက်နဲ့ ဆက်ပြီး ဖက်တွယ်နေရင် ပိုတောင်ခံစားရမှာပါ။ ရည်းစားရှိလည်း အထီးကျန်နေတဲ့ခံစားမှုက ပိုဆိုးပါတယ်။

စိတ်ရောကိုယ်ပါထိခိုက်လာခြင်း

မဖြစ်နိုင်တော့တဲ့ Relationship ကို ကိုယ့်ဘက်ကချစ်တဲ့စိတ်တစ်ခုနဲ့ ဆက်ပြီးဖက်တွယ်နေရင် စိတ်ပိုင်းဆိုင်ရာ အရမ်းကိုထိခိုက်လာပါလိမ့်မယ်။ ဝမ်းနည်းစိတ်၊ အားငယ်စိတ်တွေဝင်လာပြီး စိတ်ဓာတ်ကျလာမယ်၊ တချို့ဆို မစားနိုင်မသောက်နိုင်ဖြစ်ပြီး ပိန်သွားတာ၊ အိပ်မပျော်နိုင်တဲ့ ရက်တွေများလာပြီး မျက်ကွင်းတွေကျတာ၊ အလုပ်အကိုင် ပျက်ကွက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုပျောက်ဆုံးလာခြင်း

ဒီလူကြောင့်နဲ့ပဲ ခံစားနေရပြီး ကိုယ့်ကိုယ်တောင် ဘာဖြစ်ချင်နေမှန်းမသိတော့တာမျိုး၊ အလှတောင်မပြင်နိုင်တော့တာမျိုး၊ ကိုယ့်အတွက်ဆိုတာမျိုးတွေကိုတောင် မေ့လာတာမျိုးတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာသလို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မဖြစ်နိုင်တော့မှန်းသိရင် လက်ခံပြီးတော့ လက်လွှတ်ပေးလိုက်ပါ။ Move On လုပ်နိုင်သွားပါလိမ့်မယ်။ မဟုတ်ရင်တော့ တစ်သက်လုံး နာကျင်ခံစားနေရပါလိမ့်မယ်။