အပေါင်းအသင်းပေါများတာက ကောင်းတဲ့အရာပါ။ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။ အထီးကျန်တာတွေ၊ ဝမ်းနည်းအားငယ်တာတွေလည်း လျော့ကျစေပြီး ပျော်ရွှင်မှုပိုရစေတယ်။ အကူအညီ၊ အဆက်အသွယ်ကောင်းတွေလည်း ရစေပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အပေါင်းအသင်း ပေါများလာစေဖို့ ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဖော်ရွေပါ

အခုမှစတွေ့တဲ့သူနဲ့ ခပ်တည်တည်နေတာမျိုး၊ အထာကြီးနဲ့နေတာမျိုးတွေ မလုပ်ပဲနဲ့ မိတ်ဖွဲ့ပြီး ဖော်ရွေပါ။ ကိုယ့်အနီးအနားကသူတွေနဲ့ မိတ်ဖွဲ့ပါ။ ကိုယ်နဲ့မသိတဲ့သူနဲ့ဆို စကားမပြောတာ၊ တစ်ယောက်ထဲနေတာတွေက ကြာလာရင် ကိုယ့်အတွက် အပေါင်းအသင်းမရှိ ဖြစ်စေပါတယ်။

ပြုံးပြုံးရွှင်ရွှင်နေပါ

အမြဲပြုံးရွှင်နေတဲ့သူ၊ မျက်နှာချိုတဲ့သူကိုဆိုရင် လူတိုင်းကခင်ချင်ပါတယ်။ အမြဲဆူပုပ်နေရင် ဘယ်သူကမှလည်း ခေါ်ချင်ပြောချင်မှာ မဟုတ်ပါဘူး။ ခေါ်ချင်ရင်တောင်မှ ရှိန်နေလို့ လာခင်ရဲမှာ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့အခါမှာလည်း မျက်နှာလေး အမြဲပြုံးရွှင်နေတဲ့သူက တစ်ပန်းသာပါတယ်။ ဒါကြောင့် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နေပါ။

အဆင်ပြေအောင်နေပါ

အပေါင်းအသင်းများလေ စိတ်အမျိုးမျိုးရှိတဲ့သူတွေနဲ့ ပတ်သက်ရလေပါပဲ။ ဒီတော့ အဆင်ပြေအောင် ပေါင်းသင်းတတ်ဖို့၊ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့လိုပါတယ်။ အရာရာကို သိပ်ပြီးခေါင်းထဲထည့်မနေပါနဲ့။ ရေလိုက်ငါးလိုက်နေတတ်ရင် အကောင်းဆုံးပါပဲ။

ကူညီပါ

ကိုယ်လိုမှ အကူအညီတောင်းပြီး ကိုယ့်ကို ပြန်အကူအညီတောင်းတော့ ရှောင်ပြေးတာမျိုး လုံးဝမလုပ်ပါနဲ့။ နောက်ကိုယ်အကူအညီလိုရင် ရတော့မှာမဟုတ်သလို ကိုယ့်ကိုလည်း လူအမြင်ကပ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကူညီတတ်တဲ့သူဖြစ်အောင် နေပေးပါ။ ကိုယ်ကူညီနိုင်တဲ့အရာဆိုရင် အားလုံးကိုကူညီပေးလိုက်ပါ။

အပေါင်းအသင်းနဲ့သွားလာပါ

အပေါင်းအသင်းရှိပေမယ့် အပြင်သွားတာမျိုး သိပ်မရှိဘူး ခေါ်တိုင်းလည်း မလိုက်ဘူးပဲငြင်းနေတာမျိုးတွေ မလုပ်ပဲနဲ့ အပြင်တူတူသွားပြီး ပျော်ပျော်ရွှင်ရွှင် သွားလာစားသောက်တာမျိုးတွေ လုပ်ပေးပါ။ ဒါက ရင်းနှီးမှုပိုတိုးစေပါတယ်။