မွေးရာပါ မျက်ကွင်းညိုတာမျိုးမဟုတ်ပဲ ဒီတိုင်းညိုနေတာဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ ကိုယ်လုပ်နေမိတဲ့အရာတွေက မှားယွင်းနေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် မျက်ကွင်းညိုတာမျိုးမဖြစ်အောင် ကိုယ်တိုင်ရှောင်ကြဉ်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ငိုထားခြင်း

ငိုထားပြီးရင် မျက်အိတ်ဖောင်းပြီး မျက်ကွင်းညိုမဲတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ငိုထားပြီး မျက်ကွင်းအရမ်းညိုနေတာမျိုး မဖြစ်ချင်ရင် ရေခဲကပ်ပေးတာပဲဖြစ်ဖြစ်၊ အာလူးကပ်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါ။

အကြာကြီးအိပ်ခြင်း

ပုံမှန်ထက်ပိုပြီး အိပ်စက်ချိန်ကြာနေတာ၊ တစ်ချိန်လုံး အကြာကြီးအိပ်နေတာတွေက မျက်လုံးတွေ ဖောင်းအစ်ပြီး မျက်ကွင်းညိုစေပါတယ်။

ဖုန်းသုံးချိန်များခြင်း

တော်တော်များများ မျက်ကွင်းညိုနေရတဲ့ အဓိကအကြောင်းအရင်းကတော့ ဖုန်းသုံးချိန်များနေလို့ပါပဲ။ ဖုန်း Screen က ထွက်တဲ့အလင်းက မျက်လုံးကို တစ်ချိန်လုံးတိုက်ရိုက်ထိနေတာတွေ၊ အာရုံစိုက်ပြီး ဖုန်းပဲ တစ်ချိန်လုံးကြည့်နေတာတွေက မျက်ကွင်းညိုပြီး မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။

အိပ်ချိန်မမှန်ခြင်း

အိပ်ချိန်မမှန်ရင်လည်း မျက်ကွင်းတွေကျပြီး ညိုပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာ အိပ်စက်ချိန်က အရမ်းအရေးကြီးပါတယ်။ အိပ်ချိန်ကို ပုံမှန်ထားပေးဖို့လိုပါတယ်။

နေရောင်ခြည်ထိတာများခြင်း

အချိန်ကြာကြာနေရောင်ခြည်ထိတာ၊ နေပူထဲအကာအကွယ်မပါပဲသွားပြီး နေရောင်ခြည်ထိတာတွေက မျက်ကွင်းညိုစေပြီး အမဲစက်တွေ ထွက်လာစေပါတယ်။ အရေးအကြောင်းတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် Eye cream သုံးပေးဖို့ လိုပါတယ်။

ဆားစားသုံးမှုများခြင်း

ဆားစားသုံးမှုပမာဏ လွန်ကဲနေရင်လည်း မျက်ကွင်းညိုတာမျိုး ဖြစ်စေပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတာမရှိပါဘူး။

သံဓာတ်ချို့တဲ့ခြင်း

အပေါ်မှာပြောခဲ့တဲ့အချက်တွေလည်း ဘာမှမလုပ်မိပဲ မျက်ကွင်းညိုနေတာဆိုရင်တော့ သံဓာတ်ချို့တဲ့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သံဓာတ်ချို့တဲ့ရင်လည်း မျက်ကွင်းညိုတဲ့အတွက် သံဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေ၊ အသီးအရွက်တွေကို များများစားပေးပါ။