အကြောင်းအမျိုးမျိုးကြောင့် ရန်ဖြစ်စကားများနေကြတဲ့အချိန်မှာ အခြေအနေပိုဆိုးသွားအောင် မလုပ်မိဖို့လိုပါတယ်။ တော်တော်များများက စကားတွေများရင်းနဲ့ စိတ်တိုဒေါသထွက်ပြီး အမှားတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် Couple တွေ ရန်ဖြစ်စကားများနေတဲ့အချိန်မှာ ရှောင်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဖြစ်ပြီးသားအရင်အကြောင်းတွေပြန်ပြောခြင်း

တော်တော်များများ လုပ်လေ့ရှိကြတာကတော့ စကားများ ရန်ဖြစ်ကြပြီဆိုရင် အရင်ကအကြောင်းတွေ၊ ဖြစ်ပြီးသားတွေကိုပဲ ထပ်တလဲလဲ ပြန်ပြောပြီး စကားနိုင်လုကြတာ၊ တစ်ယောက်အပြစ် တစ်ယောက် ရှာကြံပြောကြတော့တာပါပဲ။ လက်ရှိပြဿနာတောင် မပြေလည်သေးတဲ့အချိန်မှာ ဖြစ်ပြီးသားတွေပါ ထပ်ပြောနေရင် ပြဿနာက ပိုကြီးသွားပြီး လွန်ကုန်မှာပါ။ အခြေအနေတွေ ပိုဆိုးသွားဖို့ပဲ ရှိပါတယ်။

မဆိုင်တဲ့သူတွေကိုဆွဲထည့်ခြင်း

နှစ်ယောက်ရန်ဖြစ်နေချိန်မှာ မဆိုင်တဲ့သူတွေကိုပါ ဆွဲထည့်ပြီးပြောမယ်ဆိုရင် ပြဿနာပိုပွားလာမယ်၊ မိသားစုတွေ၊ ချစ်ရတဲ့ သူငယ်ချင်းတွေ ပါလာမယ်ဆိုရင်တော့ မခံနိုင်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုစိတ်တိုဒေါသထွက်လာကြမှာပါ။ ဒါကြောင့် ရန်ဖြစ်နေချိန်မှာ မဆိုင်တဲ့သူတွေကိုပါ ဆွဲထည့်တာမျိုး လုံးဝမလုပ်ပါနဲ့။

စွပ်စွဲခြင်း

ရန်ဖြစ်တဲ့အချိန်မှာ သွေးပူပြီး အခြေအတင်တွေ ပြောကြတာ သဘာဝပါပဲ။ ဒါပေမယ့် စိတ်တိုပြီး ဘာမှမမြင်တော့ပဲ ဟုတ်တာတွေရော မဟုတ်တာတွေရောပြောပြီး စွပ်စွဲနေမယ်ဆိုရင်တော့ တစ်ဖက်လူက ပိုဒေါသထွက်ပြီး အမှားတွေ ဖြစ်ကုန်ပါလိမ့်မယ်။

ကိုယ်ထိလက်ရောက်ပြုမူခြင်း

ရန်ဖြစ်စကားများရင် လူတိုင်းက စိတ်တိုတယ်၊ ဒေါသထွက်ပါတယ်။ ဒါပေမယ့် အဲ့လိုဆိုတိုင်း တစ်ဖက်လူကို အသားနာအောင် ကိုယ်ထိလက်ရောက် ပြုမူတာမျိုး၊ လက်နဲ့ရွယ်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ လုံးဝပြတ်စဲသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ လုံးဝကို မလုပ်သင့်တဲ့အရာလည်း ဖြစ်ပါတယ်။

ဆဲဆိုခြင်း

ရန်ဖြစ်စကားများတဲ့ချိန်မှာ ဒေါကကိုမထိန်းနိုင်ပဲ ဆဲဆိုတာမျိုးက အလွန်အကျွံတွေဖြစ်လာရင် သည်းမခံနိုင်တော့ပဲ အခြေအနေတွေ ပိုဆိုးသွားစေပါတယ်။ တစ်ယောက်ကဆဲလို့ တစ်ယောက်ကမခံနိုင်ပဲ လိုက်ဆဲရင်လည်း ပြီးတော့မှာမဟုတ်ပဲ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဆင်ခြင်တာ၊ ရှောင်တာတော့ အကောင်းဆုံးပါပဲ။