လမ်းခွဲပြီးပေမယ့်လည်း တစ်ချိန်လုံး ရည်စားဟောင်းအကြောင်းပဲ တွေးနေမိတဲ့သူတွေရှိမှာပါ။ မမေ့နိုင်ရင်တောင်မှ သူ့အကြောင်းပဲတွေးနေလို့တော့ မဖြစ်ပါဘူး။ ပိုပြီးနာကျင်ရပါလိမ့်မယ်။ ဒါကြောင့် ရည်းစားဟောင်းအကြောင်းပဲ တွေးနေမိတဲ့စိတ်ကို ရပ်တန့်သွားအောင် ကူညီပေးနိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အလုပ်ပိုလုပ်ပါ

အလုပ်တွေကို အရင်ထက်ပိုလုပ်ပြီး ပိုက်ဆံများများရှာပါ။ ဒါမှကိုယ်လိုချင်တာတွေ အားလုံးဝယ်နိုင်ပြီး ဖြစ်ချင်တာတွေလည်း တန်းစီပြီးလုပ်လို့ရမှာပါ။ လိုချင်တာတွေရရင် စိတ်က auto ပျော်ပြီးသားပါပဲ။ နောက်တစ်ခုကတော့ အလုပ်တွေချည်းပဲလုပ်နေရတဲ့အတွက် သူ့အကြောင်းကို တွေးမိတော့မှာမဟုတ်ပါဘူး။ စိတ်က ဒီအလုပ်ထဲပဲရောက်နေမှာပါ။

အပေါင်းအသင်းနဲ့ဒိတ်ပါ

တစ်ယောက်ထဲနေရင် အတွေးတွေနယ်ချဲ့နေတတ်ပါတယ်။ ပိုပြီးလည်း စိတ်ဓာတ်ကျသလို၊ ဝမ်းနည်းသလို ခံစားရစေပါတယ်။ ဒါကြောင့် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ များများတွေ့ပြီး ပျော်စရာတွေလုပ်ပါ။ သောက်စားပျော်ပါးတာမျိုးတွေ လုပ်ပစ်ပါ။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့တွေ့ပြီး သူ့အကြောင်းတွေမေးနေတာမျိုး၊ ပြောနေတာမျိုးတော့ မလုပ်ပါနဲ့။

ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ

ကိုယ်ပျော်မယ်ထင်တာ အကုန်လုပ်ပါ။ အဓိကက ကိုယ့်စိတ်ပျော်နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ။ အရင်က သူနဲ့တွဲပြီး မလုပ်ခဲ့ရတာတွေ၊ သူမကြိုက်လို့ မလုပ်ပဲနေခဲ့ရတာတွေ အကုန်လုံးလုပ်ပစ်ပါ။ စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ စိတ်သစ်လူသစ်ဖြစ်ပြီး အရင်ကအကြောင်းတွေကို မေ့ပစ်ပါ။

အမှတ်တရတွေကိုဖျက်ပစ်ပါ

အမှတ်တရတွေကို ဆက်ပြီးသိမ်းထားမယ်ဆိုရင် သူ့အကြောင်းတွေးမိတိုင်း ပြန်ကြည့်ပြီး နာကျင်နေရပါလိမ့်မယ်။ ဒါကြောင့် ရှိသမျှ အမှတ်တရတွေ အကုန်လုံးကိုသာ ဖျက်ပစ်လိုက်ပါ။ မမြင်ရလေ မတွေးမိလေပါပဲ။

အားတဲ့အချိန်မရှိအောင်နေပါ

အားနေရင် အဲ့ကိုပဲစိတ်ရောက်ပြီး သူ့အကြောင်းတွေ တွေးနေမိမှာပါပဲ။ ဒါကြောင့် အားတဲ့အချိန်မရှိအောင်နေပါ။ အလုပ်မရှိရင် ရုပ်ရှင်ကြည့်ပါ။ ဂိမ်းဆော့ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ဝါသနာပါတာတစ်ခုခုလုပ်ပြီး အချိန်ဖြုန်းနေပါ။ တစ်ယောက်ထဲထိုင်ပြီး ငိုင်နေတာမျိုး မဖြစ်ပါစေနဲ့။