အသက် ၂၅ နှစ်ကျော်လာပြီဆိုရင် ဘွဲ့တွေရပြီး လုပ်ငန်းခွင်ထဲလည်း သေချာရောက်နေတဲ့အရွယ် ဖြစ်လာပါပြီ။ ရင့်ကျက်သင့်တဲ့ အသက်အရွယ်တစ်ခုကို ရောက်လာပြီလို့လည်း ပြောလို့ရပါတယ်။ ဒီလိုအချိန်မှာ ဆယ်ကျော်သက်အရွယ်လေးနဲ့မတူတော့ပဲ ကြုံတွေ့ရနိုင်တဲ့ အပြောင်းအလဲတွေ ရှိပါတယ်။ ဒါကတော့ လူတိုင်းလိုလို ကြုံတွေ့ရမှာပါပဲ။
အသက် ၂၅ နှစ်ကျော်လာတဲ့နောက်ပိုင်းမှာ အရင်ကခင်မင်ခဲ့တဲ့၊ ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ဆက်ပေါင်းဖြစ်တာရှိသလို၊ မပေါင်းဖြစ်တော့ပဲ စိမ်းကားသွားရတဲ့ သူငယ်ချင်းတွေလည်း ရှိလာပါလိမ့်မယ်။ ဒီလိုပဲ အရင်ကခင်မင်ခဲ့ရတဲ့သူတွေနဲ့ စိမ်းကားသွားသလို၊ ဝေးသွားသလို နောက်ထပ် သူငယ်ချင်း၊ မိတ်ဆွေအသစ်တွေလည်း ထပ်ရလာပါလိမ့်မယ်။
လုပ်ငန်းခွင်ထဲရောက်တာကြာလာတာနဲ့အမျှ လူတွေအကြောင်းကို ပိုပြီးသိလာမယ်။ လူအမျိုးမျိူး၊ စိတ်အထွေထွေရှိတယ်၊ လူတိုင်းက ကိုယ့်လို မဟုတ်ဘူးဆိုတာကိုလည်း သေချာသိလာမယ်။ အဲ့အတွက် အပေါင်းအသင်း မိတ်တွေသူငယ်ချင်း မများရင်နေပါစေ၊ ကိုယ်နဲ့ကီးကိုက်ပြီး အဆင်ပြေတဲ့သူ၊ စိတ်ဓာတ်ကောင်းပြီး ကိုယ့်အပေါ်ကောင်းတဲ့သူ လူအနည်းစုနဲ့ပဲ ပေါင်းသင်းချင်လာပါလိမ့်မယ်။ အရင်ထက်လည်း ပိုပြီး အေးအေးဆေးဆေး နေချင်လာပါလိမ့်မယ်။
အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း အရင်လိုရည်းစားတွေအများကြီး မထားချင်တော့ဘူး။ ကိုယ့်ကိုလာကြိုက်တိုင်းလည်း ပြန်မကြိုက်ချင်တော့ဘူး။ တကယ်ရေရှည်လက်တွဲမယ့်သူမျိုးကိုပဲ လိုချင်လာတော့တယ်။ ရည်းစားမထားပဲနေတာကြာလာတဲ့သူဆိုရင် လုံးဝကို ရည်းစားမထားချင်တော့ဘူး။ တစ်ယောက်ထဲပဲ အေးဆေးနေရတာကို ပိုနှစ်သက်လာမယ်။ အပူတွေမရှာချင်တော့ဘူး။
အလုပ်ကိုပိုကြိုးစားလာမယ်။ အလုပ်လုပ်ချင်စိတ်၊ ပိုက်ဆံရှာချင်စိတ်တွေ ပိုဖြစ်လာမယ်။ အပျင်းကြီးပြီး ဘာမှမလုပ်ချင်တဲ့သူဆိုရင်လည်း ငယ်ရွယ်တုန်းမှာ ဘာမှမသိသာပေမယ့် အသက် ၂၅ နှစ်ကျော်လာတဲ့အထိ ဘာမှဖြစ်မြောက်တာမရှိသေးရင် ရွယ်တူတွေကြားမှာ မျက်နှာငယ်ရပါတယ်။ ဒီအသက်အရွယ်မှာ အောင်မြင်နေတဲ့သူရှိသလို၊ အဆင်ပြေနေတဲ့သူရှိမယ်။ အဲ့ထဲမှာမှ ကိုယ်က ဘာမှဖြစ်မြောက်အောင် မလုပ်နိုင်သေးရင် စိတ်ညစ်ရပါလိမ့်မယ်။
photo source:www.freepik.com