တစ်ခါတစ်လေကျရင် Depression ဝင်တယ်ဆိုတာက ကိုယ်တိုင်လုပ်နေမိတဲ့အရာတွေ၊ အတွေးတွေကြောင့်ပါပဲ။ Depression ဝင်လာရင် ကောင်းတာဘာမှမရှိပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို Depression ဝင်လာအောင် လုပ်နေမိတဲ့အရာတွေကို ပြင်ဆင်ဖို့လိုပါတယ်။

ကိုယ့်ကိုယ်ကိုအထင်သေးခြင်း

ကိုယ့်ကိုယ်ကို အထင်သေးတယ်ဆိုတာမျိုးကတော့ တစ်ခုခုဆိုရင် လုပ်တောင်မလုပ်ရသေးဘူး ဒါတွေကိုငါလုပ်နိုင်မှာမဟုတ်ဘူး၊ ငါလုပ်ရင် ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးတွေပါပဲ။ ဒီအတွေးတွေ၊ ဒီလိုကိုယ့်ကိုယ်ကို အထင်သေးတာမျိုးတွေက ကိုယ့်ကိုယ်ကို Depression ဝင်လာအောင်၊ ဝမ်းနည်းစိတ်ဝင်လာအောင် လုပ်နေတဲ့အရာတွေပါ။

အရှုံးပေးချင်စိတ်ပဲဖြစ်နေခြင်း

မှားသွားရင်၊ ကျရှုံးရင် နောက်တစ်ကြိမ် ပြန်ကြိုးစားဖို့ မစဉ်းစားပဲ လက်လျော့လိုက်တာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုးတွေက ကိုယ့်ကိုပိုပြီး စိတ်ဓာတ်ကျသွားစေပါတယ်။ ဘာမဆို လွယ်လွယ်နဲ့ အရှုံးပေးနေရင် ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူလို့ မြင်လာပြီး အလွယ်တကူနဲ့ Depression ဝင်လာပါလိမ့်မယ်။

သူများကိုပဲအားကျအထင်ကြီးနေခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပြီး ကြိုးစားမယ်၊ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးမထားပဲ သူများကိုပဲကြည့်ပြီး အားကျနေတာမျိုးတွေ၊ သူများကိုပဲ အထင်ကြီးနေတာမျိုးတွေ၊ ကိုယ့်ထက်သာနေတဲ့သူတွေကိုပဲ ကြည့်ပြီး စိတ်ညစ်နေတာတွေက ကိုယ့်ကိုယ်ကို ပိုပြီး အားငယ်လာစေပါတယ်။ တခြားသူနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး Depression ဝင်လာပါလိမ့်မယ်။

ကိုယ့်အားနည်းချက်ကိုပဲမြင်ခြင်း

ကိုယ့်မှာရှိတဲ့အားသာချက်ကိုမမြင်ပဲ အားနည်းချက်တွေကိုပဲ ရွေးမြင်နေရင် ဘာလုပ်လုပ် စိတ်ဓာတ်ကျနေမှာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကိုပဲ ရွေးကြည့်ပါ။ ကိုယ့်ကိုယ်ကို အားပေးပါ။ ကိုယ်ရဲ့ကြိုးစားချင်စိတ်၊ ဖြစ်မြောက်ချင်စိတ်တွေကို ကိုယ်တိုင်ပဲရိုက်ချိုးနေတာမျိုးတွေ မဖြစ်ပါစေနဲ့။