RS တွေအနေနဲ့ အမြဲတမ်းတွေ့နေရမှ အချစ်တွေပိုတိုးလာမှာမဟုတ်ပါဘူး။ အနေဝေးလို့သွေးအေးတာမျိုး၊ မချစ်တော့တာမျိုးတွေ မဖြစ်စေဖို့က နှစ်ယောက်လုံးအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတဲ့အချိန်မှာတောင် အချစ်တွေပိုတိုးလာစေမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အဆက်အသွယ်အမြဲလုပ်ပါ

တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတဲ့အချိန်မှာ အရေးအကြီးဆုံးအချက်က အဆက်အသွယ်မပျက်ဖို့ပါပဲ။ ဒါကြောင့် အမြဲတမ်း အဆက်အသွယ်လုပ်ပါ။ စာနဲ့ပဲစကားမပြောပါနဲ့။ ဖုန်းလည်းနေ့တိုင်းပြောပါ။ Video call ခဏလောက်တော့ နေ့တိုင်းပြောပေးပါ။ ဒါမှ အနေဝေးလို့သွေးအေးတာမျိုးတွေ၊ မချစ်တော့ဘူးလို့ ခံစားနေရတာမျိုးတွေလည်း မရှိတော့မှာပါ။

ဂရုစိုက်ပါ

တစ်ယောက်နဲ့တစ်ယောက်မတွေ့ရလည်း စကားနဲ့ဂရုစိုက်ပေးတာမျိုး၊ အဝေးကနေသိတတ်ပြီး ဂရုစိုက်ပေးတာမျိုးတွေ လုပ်လို့ရပါတယ်။ တစ်ယောက်ထဲကပဲ အရမ်းတွေဂရုစိုက်ပြနေလို့လည်း အဆင်မပြေပါဘူး။ နှစ်ယောက်လုံးက ဂရုစိုက်မှု၊ ကြင်နာယုယမှုတွေရှိနေမှ ကြည်နူးစရာကောင်းမှာပါ။

ယုံကြည်အောင်နေပါ

မတွေ့ရလည်း အချစ်တွေပိုတိုးစေဖို့က ယုံကြည်မှုရှိဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ဆိုတာလည်း တကူးတက လုပ်ယူနေစရာမလိုပါဘူး။ ယုံကြည်အောင်နေရင် ရပါပြီ။ တစ်ယောက်မကြိုက်တာ တစ်ယောက်ကမလုပ်ပဲနေတာမျိုး၊ လိမ်ညာတာတွေ မလုပ်တာမျိုး၊ တစ်ခုခုဆို အမြဲတမ်းအသိပေးပြီး ယုံကြည်အောင်နေရင် အလိုလိုယုံကြည်မှုရပါတယ်။ ဘယ်လောက်ပဲ အနေဝေးနေပါစေ ယုံကြည်မှုရှိနေရင် ပြဿနာတွေလည်းနည်းသွားမှာပါ။

Overthinking မဖြစ်ပါနဲ့

တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတဲ့အချိန်တွေမှာ overthinking ဖြစ်နေရင် စိတ်ပင်ပန်းရပါတယ်။ ပြဿနာတွေလည်း ပိုကြီးလာနိုင်ပါတယ်။ Overthinking ဖြစ်လာရင် ကိုယ့်အတွေးထဲမှာ ပေါ်လာတဲ့အတိုင်း၊ ထင်တဲ့အတိုင်း လျှောက်ပြောပြီး ပြဿနာရှာတာမျိုး၊ စွပ်စွဲတာမျိုးတွေ လုပ်တတ်ကြပါတယ်။ အဲ့အခါကျရင် ရန်ဖြစ်စကားများကြရတာပဲ အဖတ်တင်ပါတယ်။ ဒါကြောင့် အရမ်းမတွေးပါနဲ့၊ အရမ်း overthinking မဖြစ်ပါနဲ့။