Work From Home လုပ်နေရချိန်မှာ အလုပ်ကြောင့် စိတ်ဖိစီးတာမျိုးတွေက ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီလိုစိတ်ဖိစီးတာတွေကို အချိန်တိုအတွင်းမှာ အမြန်ဆုံးသက်သာအောင် လုပ်ပေးနိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။
စားချင်တာကိုမှာစားလိုက်ပါ
အိမ်မှာအလုပ်လုပ်နေရချိန် အလုပ်ကြောင့် စိတ်ဖိစီးလာရင် ဘာမှဆက်မလုပ်တော့ပဲ ကိုယ်စားချင်တာတွေကိုသာ မှာစားလိုက်ပါ။ မှာလို့မရတာတွေဆိုလည်း ကိုယ်တိုင်သွားဝယ်လိုက်ပါ။ စိတ်ပြေလက်ပျောက် လမ်းလျှောက်ပြီးသားတောင် ဖြစ်ပါသေးတယ်။ စားချင်တာတွေစားလိုက်ရရင် စိတ်ပျော်ရွှင်ကျေနပ်မှု ရစေပါတယ်။
သီချင်းနားထောင်လိုက်ပါ
လုပ်လက်စအလုပ်ကို ခဏရပ်ပြီး မျက်စိကိုမှတ်ကာ သီချင်းအေးအေးလေးတွေနားထောင်ပြီး အသက်ကိုရှူသွင်းရှူထုတ် လေ့ကျင့်ခန်းလုပ်ပေးပါ။ စိတ်ဖိစီးမှုတွေလျော့ကျစေပြီး စိတ်တည်ငြိမ်စေပါတယ်။ စိတ်လည်းကြည်လင်သွားစေပါတယ်။ ဒီလိုမလုပ်ချင်ရင်လည်း ကိုယ်ကြိုက်တဲ့ သီချင်းမြူးမြူလေးတွေသာ နားထောင်နေလိုက်ပါ။ လန်းဆန်းသွားပါလိမ့်မယ်။
ခဏအိပ်လိုက်ပါ
Work From Home လုပ်နေရချိန်မှာ အလုပ်နဲ့ပတ်သက်ပြီး အရမ်းစိတ်ဖိစီးလာပြီဆိုရင် ဘာမှဆက်မလုပ်တော့ပဲ ခဏအိပ်လိုက်ပါ။ အိပ်ရေးဝအောင်အိပ်ပြီး နိုးလာရင် ခေါင်းကြည်ပြီး စိတ်လည်းကြည်သွားပါလိမ့်မယ်။
လမ်းလျှောက်ပါ
အလုပ်ကြောင့် စိတ်ဖိစီးလာရင် လမ်းလျှောက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ လမ်းလျှောက်လိုက်၊ အကြောဆန့်လိုက်၊ လေ့ကျင့်ခန်းခဏလုပ်လိုက်နဲ့ နာရီဝက်၊ တစ်နာရီစာ အနားယူလိုက်ပါ။ ဒါဆိုရင်တော့ စိတ်ဖိစီးနေတာတွေက အကုန်မပျောက်ရင်တောင် သက်သာသွားပါလိမ့်မယ်။
photo source:www.freepik.com