ဘယ်လိုကိစ္စမျိုးကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုစိတ်တိုပြီး ဒေါသထွက်နေရင် စိတ်လက်မာန်ပါမလုပ်မိဖို့လိုပါတယ်။ ဒေါသကြီးတဲ့သူတွေဆိုရင် ကိုယ့်ကိုယ်ကို အရမ်းဒေါသထွက်ပြီး နာကျင်အောင်လုပ်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုစိတ်တိုပြီး ဒေါသထွက်နေတဲ့အချိန်မှာ စိတ်ရောကိုယ်ပါ အထိခိုက်မခံပဲ ဒီအရာတွေကို လုပ်ကြည့်သင့်ပါတယ်။

ဒေါသထွက်ရတဲ့အကြောင်းအရင်းကိုတွေးပါ

ကိုယ့်ကိုယ်ကို ဘာကြောင့်ဒေါသထွက်ရလဲဆိုတဲ့ အကြောင်းအရင်းကိုတွေးပါ။ ဘာမဟုတ်တဲ့ကိစ္စအတွက်နဲ့ ဒေါသထွက်နေရင် ကိုယ်ပဲပင်ပန်းပါတယ်။ ဒါကြောင့် သေချာစဉ်းစားပြီး ကိုယ်မှားခဲ့တယ်ဆိုရင်လည်း စိတ်တိုပြီး ဒေါသထွက်နေမယ့်အစား အမှားကိုသင်ယူပြီး နောက်တစ်ခါမဖြစ်အောင် ဆင်ခြင်လို့ရပါတယ်။

စိတ်ပြေစေမယ့်အရာတစ်ခုခုလုပ်ပါ

တခြားသူကိုဒေါသထွက်တာထက် ကိုယ့်ကိုယ်ကိုဒေါသထွက်နေရင် ပိုဆိုးပါတယ်။ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်တတ်ကြပါတယ်။ ဒါကြောင့် အရမ်းစိတ်တိုပြီး ဒေါသထွက်နေရင် စိတ်ပြေစေမယ့်အရာတစ်ခုခုကို အာရုံပြောင်းလုပ်ကြည့်ပါ။ စိတ်တည်ငြိမ်စေမယ့်အရာတွေကို လုပ်တာက ပိုကောင်းပါတယ်။ ပြီးရင်တော့ စိတ်ပျော်ရွှင်ရမယ့်အရာတွေကို လုပ်ကြည့်ပါ။ ဒီနည်းနဲ့ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ပါတယ်။

မတွေးမိအောင်နေပါ

ဒီအကြောင်းအရာကိုပဲ အားတိုင်းတွေးနေမိမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုဒေါသထွက်လို့ ပြီးမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီအကြောင်းအရာကို မတွေးမိအောင်၊ မြန်မြန်မေ့နိုင်အောင် လုပ်ရပါမယ်။ ခေါင်းထဲရောက်လာတာနဲ့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ပြေးတာမျိုးတွေလုပ်ပြီး မတွေးမိအောင်နေလို့ရပါတယ်။ ဒါ့အပြင် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သွားပြီးပျော်ပါးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။

ဒီထက်ပိုကောင်းအောင်ကြိုးစားပါ

ဖြစ်ခဲ့တာတွေကို ပြန်မတွေးတော့ပဲ ကိုယ့်ကိုယ်ကို လက်ရှိအခြေအနေထက် ပိုကောင်းအောင်ကြိုးစားပါ။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်နိုင်လာမယ်။ ကိုယ့်ကိုယ်ကိုစိတ်တိုပြီး ဒေါသထွက်နေတာတွေအားလုံးလည်း မေ့ပျောက်သွားပါလိမ့်မယ်။