အခြေအနေတစ်ခုကြောင့်၊ အကြောင်းတစ်ခုခုကြောင့် စိတ်တွေအရမ်းညစ်ပြီး မွန်းကြပ်လာတဲ့အချိန်၊ အသက်ရှူတွေပါကျပ်လောက်တဲ့အထိ စိတ်ညစ်ရတဲ့အချိန်၊ စိတ်ဆင်းရဲရတဲ့အချိန်မျိုးကို ရောက်လာပြီဆိုရင် ခဏလောက် စိတ်သက်သာရာရသွားအောင်၊ ကိုယ်ဖြစ်နေတာတွေ၊ ခံစားနေရတာတွေ သက်သာသွားအောင် ဒါလေးတွေကို လုပ်ကြည့်ဖို့အတွက် အကြံပေးချင်ပါတယ်။

Social media မသုံးပဲခဏနေလိုက်ပါ

ညစ်နေတဲ့စိတ်ကိုပိုညစ်သွားအောင်၊ ကျနေတဲ့စိတ်ဓာတ်ကို ပိုကျသွားအောင် လုပ်နိုင်တာ social media ပါပဲ။ စိတ်ခံစားမှုအရမ်းဖြစ်လွယ်တဲ့အချိန်မှာ social media မသုံးတာ အကောင်းဆုံးပါပဲ။

ရုပ်ရှင်ကြည့်ပါ

ရုပ်ရှင်ကြည့်ရင် စိတ်က ရုပ်ရှင်ထဲပဲရောက်နေတာပါ။ ရုပ်ရှင်ကြည့်နေချိန်မှာတော့ စိတ်ညစ်တာ၊ စိတ်ဆင်းရဲတာ၊ မွန်းကြပ်တာတွေက သက်သာသွားစေပါတယ်။ ဒါပေမယ့် ကြည့်တဲ့ရုပ်ရှင်ကလည်း စိတ်ညစ်ရတဲ့ရုပ်ရှင်တွေ၊ စိတ်ဆင်းရဲရတဲ့ရုပ်ရှင်တွေ မဖြစ်ဖို့တော့ လိုပါသေးတယ်။

တရားထိုင်ပါ

တရားထိုင်တာက စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ ဖြစ်နိုင်ရင် နာရီပိုင်းလောက်ရအောင်ကို တရားထိုင်ပေးပါ။ ဘယ်လိုအချိန်တွေထိုင်ရမလဲဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ပါပဲ။ တစ်နေ့ ၂ ခါ၊ ၃ ခါ တရားထိုင်နေလည်း ကိုယ့်အတွက်ပိုကောင်းတာပေါ့။

နေ့တိုင်းလေထွက်ရှူပါ

စိတ်အရမ်းညစ်တဲ့အချိန်တွေ၊ စိတ်ဆင်းရဲစရာတွေ ပြုံလာတဲ့အချိန်တွေမှာ မွန်းကြပ်ပြီး အသက်ရှူမဝတော့တာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ပြတင်းပေါက်ကနေပဲဖြစ်ဖြစ် နေ့တိုင်း လေထွက်ရှူပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ။ မနက်စောစောတစ်ခါ၊ ညအိပ်ခါနီးတစ်ခါ လေကောင်းလေသန့်ရှူတာမျိုး လုပ်ပေးပါ။

စာဖတ်ပါ

စာဖတ်တာကလည်း စိတ်တည်ငြိမ်စေပြီး စိတ်အေးချမ်းစေတယ်။ စိတ်ညစ်တာ၊ စိတ်ဆင်းရဲတာတွေ မေ့ပျောက်သွားစေပါတယ်။ ဒီတော့ တိတ်ဆိတ်တဲ့နေရာမှာ စာဖတ်ပါ။ အကျိုးရှိစေမယ့်စာမျိုး များများဖတ်ပေးပါ။ ဖုန်းကိုချပြီး စာအုပ်သာဖတ်ပါ။

ကိုယ်ချစ်တဲ့သူနဲ့နေပါ

အရမ်းကိုစိတ်ညစ်နေတဲ့အချိန်တွေမှာ တော်တော်များများက ကိုယ်ချစ်တဲ့သူနဲ့ အတူရှိချင်ကြပါတယ်။ ဒီလိုအတူရှိနေတဲ့အချိန်မှာ စိတ်ညစ်တာတွေကို မေ့သွားစေပါတယ်။

photo source:www.freepik.com