ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ ရုတ်တရက်ကြီး ပြောင်းလဲသွားတာမျိုးနဲ့ ကြုံဖူးတဲ့သူတွေ ရှိမှာပါ။ ဘာကြောင့် ဒီလိုပြောင်းလဲသွားရတာလဲ၊ ငါဘာလုပ်မိလို့လဲဆိုတဲ့အတွေးတွေနဲ့ အဖြေရှာရင်း ပူလောင်ခဲ့ရတာမျိုးကို ကြုံဖူးတဲ့သူတွေလည်း ရှိမှာပါ။ ဒါကြောင့် နောက်တစ်ခါ ဒီလိုမျိုးတွေ ကြုံလာရရင်၊ ချစ်သူက ကိုယ့်အပေါ် ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ခံနိုင်ရည်ရှိအောင် ဘာတွေလုပ်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

တစ်ချိန်လုံး ရည်းစားကို အားကိုးနေရင် ရုတ်တရက် သူပြောင်းလဲသွားတဲ့အခါ အားကိုးစရာလူမရှိတော့သလို၊ ကိုယ့်အတွက် မှီတွယ်စရာလူ မရှိတော့သလို ခံစားရပြီး ပုံမှန်ထက် ပိုဝမ်းနည်းရပါလိမ့်မယ်။ ဒါကြောင့် အစထဲက တစ်ဖက်သားကို အရမ်းမမှီခိုပါနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။

ကိုယ့်ချစ်သူအပေါ် အရမ်းချစ်တာက ချစ်လို့ရပါတယ်။ ဒါပေမယ့် သူမရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်ကိုတော့ ရိုက်သွင်းမထားပါနဲ့။ သူကလွဲရင် ဘယ်သူ့မှ မရှိတော့ဘူး၊ သူမရှိလို့ မဖြစ်ဘူးဆိုတဲ့ စိတ်တွေကို ရိုက်သွင်းထားရင်တော့ ရုတ်တရက် သူပြောင်းလဲသွားတဲ့အခါ ခံနိုင်ရည် ရှိမှာမဟုတ်ပါဘူး။

အလုပ်လုပ်နေတဲ့သူဆိုရင် အလုပ်ရှိတဲ့အတွက် သိပ်ပြီးကိစ္စမရှိပါဘူး။ အလုပ်မရှိတဲ့သူဆိုရင်တော့ ကိုယ့်အတွက် ပျော်ရွှင်မှုတစ်ခုခုကို ဖန်တီးထားပါ။ အမြဲလုပ်နေပါ။ ဘာမှမလုပ်ပဲ အားနေရင်တော့ ဒီရည်းစားဆီပဲ စိတ်ကရောက်နေပြီး အပြစ်တွေမြင်မယ်၊ ဟာကွက်တွေကို မြင်လာမယ်၊ ရစ်မိမယ်၊ ပြဿနာရှာမိမယ်။ ဒီတော့ ပြဿနာတက်စကားများ ရန်ဖြစ်ကြမယ်။ ဒီလိုပဲ ရုတ်တရက် ကိုယ့်အပေါ် ပြောင်းလဲသွားတဲ့အခါမှာလည်း ကိုယ့်မှ တခြားထွေထွေထူးထူး လုပ်နေစရာမရှိတော့ စိတ်က ဒီကိုပဲရောက်ပြီး နာကျင်ခံစားရမယ်။ ခံနိုင်ရည်ရှိတော့မှာလည်း မဟုတ်ပါဘူး။

ရည်းစားဖြစ်တာကြာလို့ ပြင်ပြင်ဆင်ဆင်မနေတော့တာမျိုး မလုပ်ပါနဲ့။ အမြဲတမ်း လှလှပပ ပြင်ပြင်ဆင်ဆင်နေပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်း လှအောင်နေရင် ကိုယ်လဲစိတ်ချမ်းသာရတယ်။ မဟုတ်ရင် သူပြောင်းလဲသွားတာ ငါ့ကြောင့်လားဆိုတဲ့အတွေးတွေနဲ့ depression တွေပါ ဝင်လာပြီး ခံနိုင်ရည်ရှိတော့မှ မဟုတ်ပါဘူး။

Photo Source: www.pinterest.com