ကိုယ့်ရဲ့တစ်နေ့တာမှာ စိတ်ရောလူပါပင်ပန်းနေရင် ဘာလုပ်လုပ်အဆင်မပြေသလို၊ နေရထိုင်ရတာလည်း အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် ပင်ပန်းတာတွေလျော့ကျစေဖို့ ပုံမှန်လုပ်ဆောင်ပေးသင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အိပ်ချိန်ပုံမှန်ထားပါ

အိပ်ချိန်၊ ထချိန်ပုံမှန်မရှိရင် လူရောစိတ်ပါ ပင်ပန်းစေပါတယ်။ နေရတာထိုင်းမှိုင်းပြီး နုံးနေတတ်ပါတယ်။ ဒါကြောင့် စောစောအိပ်ပြီး စောစောထတဲ့အကျင့်လုပ်ထားရပါမယ်။ ည ၁၀ နာရီအိပ်မယ်ဆို ညတိုင်း ၁၀ နာရီမှာအိပ်တာမျိုး၊ မနက် ၆ နာရီပုံမှန်ထတာမျိုး လုပ်ပေးပါ။

အစားအသောက်မှန်မှန်စားပါ

အစားအသောက်ကို အာဟာရရှိတာတွေရွေးပြီး သေချာစားသောက်ရပါမယ်။ အစားအသောက်ပုံမှန်စားမှ စိတ်ရောလူပါ ကျန်းမာပြီး ပင်ပန်းနေတာတွေလည်း လျော့ကျမှာပါ။ အစားအသောက်မစားရင် ပင်ပန်းတာတွေပိုဆိုးလာစေပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းကို နေ့တိုင်း ကိုယ်လုပ်တာလေးတွေရွေးပြီး ပုံမှန်လုပ်ပေးခြင်းက ကျန်းမာရေးကောင်းစေပါတယ်။ လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေပြီး ပင်ပန်းမှုတွေ stress တွေအားလုံး လျော့ကျသွားစေပါတယ်။

လမ်းလျှောက်ပါ

နေ့တိုင်း မနက်စောစော (သို့) ညနေဘက် လမ်းလျှောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ပင်ပန်းမှုတွေလျော့ကျစေပါတယ်။

လုံလောက်စွာအနားယူပါ

တစ်နေ့တာမှာ ဘယ်လောက်ပဲအလုပ်များနေပါစေ ကိုယ့်အတွက် အနားယူချိန်တော့ ဖဲ့ပေးဖို့လိုပါတယ်။ အနားယူတဲ့အချိန်မှာ တခြားဘာမှမလုပ်ပဲ ရုပ်ရှင်ကြည့်တာ၊ အိပ်တာ၊ သူငယ်ချင်းနဲ့တွေ့တာ၊ ဂိမ်းဆော့တာ အစရှိတဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေလုပ်ပြီး အပြည့်အဝအနားယူလိုက်ပါ။ ဒီလိုအနားယူတာဟာ ပင်ပန်းတာတွေရှိနေရင်တောင် ပျောက်သွားစေပါတယ်။