ကိုယ်ခံအားမကောင်းရင် ခဏခဏနေမကောင်းဖြစ်ပြီး ရောဂါပိုးတွေလည်း အလွယ်တကူဝင်နိုင်ပါတယ်။ ဒီလိုကာလမှာဆိုရင် COVID-19 လည်းဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ဖို့လိုပါတယ်။ Mask တပ်နေရုံနဲ့ မလုံလောက်တာကြောင့် ကိုယ့်ကျန်းမာရေးကိုလည်း အရင်ထက်ပိုဂရုစိုက်ရပါမယ်။ ဒါကြောင့် အားရှိအောင်နေပြီး ကိုယ်ခံအားစနစ်ပိုကောင်းလာစေဖို့ ပုံမှန်လုပ်ပေးသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။
အစားအသောက်
ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် အသီးအရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုးနဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ပုံမှန်စားပေးပါ။ ကြက်သား၊ ဆောလမွန်၊ တူနာ၊ ငှက်ပျောသီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ အာလူးမှာက Vitamin B6 တွေပါလို့ များများစားပါ။ Vitamin C ဓာတ် များများရချင်ရင်တော့ ဆန်းကစ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဟင်းနုနွယ်တွေကို များများစားပါ။ နေကြာစိ၊ နေကြာဆီ၊ almonds နဲ့ peanut butter မှာတော့ Vitamin E ဓာတ်တွေများစွာပါလို့ စားသုံးပေးသင့်ပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျန်းမာရေးနဲ့ညီညွတ်ပြီး stress တွေလျော့ကျစေပါတယ်။ ချွေးပုတ်တွေထွက်သွားတဲ့အခါ ခန္ဓာကိုယ် ပေါ့ပါးသွက်လက်စေပါတယ်။ ကိုယ်ခံအားစနစ်လည်း ကောင်းစေတာကြောင့် လေ့ကျင့်ခန်းကို နေ့တိုင်းအချိန်ပေးပြီး လုပ်ပေးပါ။
Hydrate
ခန္ဓာကိုယ်က ရေဓာတ်ပြည့်နေဖို့လည်း အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ နေအရမ်းပူတဲ့နေ့တွေမှာဆိုရင် ဓာတ်ဆားသောက်ပေးပါ။
အိပ်ရေးဝအောင်အိပ်ပါ
အိပ်ရေးမဝရင် လူကလန်းဆန်းမှုမရှိပဲ ခေါင်းမူးပြီး နေထိုင်မကောင်းဖြစ်ပါတယ်။ အိပ်ရေးပျက်တာတွေများလာရင် ကိုယ်ခံအားနည်းပြီး ရောဂါပိုးတွေလည်း အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် အားရှိအောင်စားရုံနဲ့မရပါဘူး အိပ်ရေးဝအောင်အိပ်မှလည်း ကိုယ်ခံအားကောင်းမှာပါ။
ကိုယ့်ကိုယ်ကိုကာကွယ်ပါ
အခုလို COVID တွေဖြစ်နေချိန်မှာ အိမ်အပြင်ထွက်တာနဲ့ Mask တပ်ပါ။ အပြင်သွားရင် Mask အပိုထည့်သွားပြီး ၄ နာရီလောက်ကြာရင် လဲပေးပါ။ လက်ကိုခဏခဏဆေးပါ။ အပြင်ကပြန်လာတာနဲ့ အဝတ်အစားတွေကို ရေချိုးထဲချွတ်ပြီး တန်းလျှော်ပါ။ ရေမချိုးသေးရင်တော့ အပြင်ကပြန်လာတဲ့အဝတ်အစားနဲ့ မနေပါနဲ့။ လက်တွေ၊ ခြေထောက်တွေ သေချာဆေးပါ။ ဒီလိုအချိန်မှာ အစားရှောင်တာ၊ ဝိတ်လျှော့တာတွေ မလုပ်ပါနဲ့။ မလိုအပ်ပဲ အပြင်မထွက်တာတော့ အကောင်းဆုံးပါပဲ။