အလုပ်ရောက်ရင် စိတ်မကြည်တာမျိုး၊ အလုပ်လုပ်ဖို့ စိတ်မပါတာမျိုး၊ စိတ်ရှုပ်ပြီး စိတ်တိုတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုတွေဖြစ်နေရင် အလုပ်လည်းမပြီးပါဘူး။ အလုပ်မှာ တက်ကြွလန်းဆန်းနေမှ အိုင်ဒီယာကောင်းတွေ ထွက်လာမယ်၊ အလုပ်တွေခဏလေးနဲ့ပြီးမယ်၊ အလုပ်ကသူတွေနဲ့လည်း အဆင်ပြေမှာပါ။ ဒါကြောင့် အလုပ်မှာ တက်ကြွလန်းဆန်းပြီး စိတ်ကြည်လင်စေဖို့အတွက် ပုံမှန်လုပ်ပေးရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ညဘက်စောစောအိပ်ပါ

ဘာကြောင့် ညဘက်စောစောအိပ်ခိုင်းလဲ ဆိုရင်တော့ စောစောအိပ်မှ စောစောထနိုင်မှာပါ။ အိပ်ရေးဝမှပါ။ ညဘက်နောက်ကျမှအိပ်ရင် မနက်အိပ်ယာထနောက်ကျပြီး အလုပ်နောက်ကျမယ်၊ အိပ်ရေးမဝတာတွေ ဖြစ်လာပါမယ်။ အဲ့ကနေမှ စိတ်မကြည်၊ ခေါင်းမကြည်တွေဖြစ်ပြီး အလုပ်မှာ ဘူနေတော့တာပါပဲ။ ဒါကြောင့် ညဘက်စောစောအိပ်ပြီး စောစောထတဲ့အကျင့်လေး လုပ်ထားသင့်ပါတယ်။

မနက်စာစားပါ

တစ်နေ့တာလုံး ခွန်အားပြည့်ဝပြီး တက်ကြွလန်းဆန်းစေဖို့အတွက် မနက်စာစားတာက အရမ်းကို အရေးကြီးပါတယ်။ မနက်စာမစားရင် ဗိုက်ဆာပြီး ခေါင်းမကြည်တာ၊ စိတ်မကြည်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက်စာကို အာဟာရရှိတာစားသွားပါ။

အလုပ်အကြွေးမထားပါနဲ့

အလုပ်တွေကို တစ်နေ့စာတစ်နေ့ ပြီးအောင်လုပ်ပါ။ အလုပ်အကြွေးထားရင် အလုပ်တွေပုံပြီး စိတ်ညစ်လာမယ်၊ လုပ်ချင်စိတ်မရှိတော့ဘူး၊ ပျင်းလာပြီ၊ ပင်ပန်းလာပြီ၊ အလုပ်လုပ်ရတာ မပျော်တော့ဘူး ဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။ အလုပ်ကို တစ်နေ့စာတစ်နေ့ပြီးရင် ပေါ့ပါးပြီး တက်ကြွလန်းဆန်းနေမှာပါ။

အလုပ်ကိုစိတ်ညစ်စရာတွေသယ်မလာပါနဲ့

ကိုယ့်မှာ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေရှိနေလည်း အလုပ်ကိုသယ်မလာပါနဲ့။ အပြင်မှာထားခဲ့ပါ။ အလုပ်ရောက်လည်း ဒီစိတ်ညစ်စရာတွေ၊ အလုပ်နဲ့မသက်ဆိုင်တဲ့ အဆင်မပြေမှုတွေကို တွေးနေမယ်ဆိုရင် အလုပ်လုပ်ရတာ လုံးဝစိတ်မပါတော့ပါဘူး။ အလုပ်ရောက်လည်း စိတ်ညစ်နေမှာပါပဲ။

အလုပ်စားပွဲကိုသပ်သပ်ရပ်ရပ်ထားပါ

ကိုယ့်အလုပ်စားပွဲက ရှုပ်ပွပြီး ညစ်ပတ်နေရင် စိတ်ရှုပ်ထွေးစေပါတယ်။ အလုပ်လုပ်ရတာလည်း ငြီးငွေ့လာစေပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းအောင်ထားပါ။ ဖြစ်နိုင်ရင် အလုပ်စားပွဲမှာ အလှဆင်တာလေးတွေ၊ ပန်းပင်အသေးလေးတွေ ထားတာမျိုးတွေ လုပ်ပေးရင်တော့ ပိုကောင်းပါတယ်။ စိတ်ကြည်ပြီး စိတ်ပျော်ရွှင်ရတာပေါ့။