စိတ်တိုဒေါသထွက်လွယ်တဲ့သူတွေက တစ်ခုခုဆို သူများထက်ပိုပြီး စိတ်မြန်လက်မြန်နဲ့ လုပ်ချလိုက်တာတွေကြောင့် အမှားတွေဖြစ်ကြတာများပါတယ်။ စိတ်တည်ငြိမ်သွားမှသာ မှားသွားလားဆိုပြီး နောင်တရတတ်ကြပါတယ်။ အရမ်းစိတ်တိုတာ၊ ဒေါသထွက်တာတွေက ကိုယ့်အတွက်မကောင်းပါဘူး။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ပြဿနာရှိသလို၊ ကိုယ့်ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်တိုဒေါသထွက်လွယ်တဲ့သူတွေက အရင်ဆုံး ဒေါသကိုလျှော့ချနိုင်ဖို့အတွက် ဒီအရာတွေကို လုပ်ကြည့်သင့်ပါတယ်။

စိတ်တည်ငြိမ်ဖို့အရင်လုပ်ပေးပါ

အရင်ဆုံး စိတ်တည်ငြိမ်အောင်လုပ်ဖို့ လိုပါတယ်။ ဘာမှမတွေးသေးပဲ စိတ်တည်ငြိမ်သွားအောင် မျက်စိမှိတ်၊ အသက်ကို ရှူသွင်းရှူထုတ်လုပ်၊ ခဏတရားထိုင်လိုက်ပါ။ ဒါမှမဟုတ် ခြေထောက်ကြွက်သားတွေကို နှိပ်ပေးပါ။ ပြေးတာ၊ ရေကူးတာတွေ လုပ်ပေးလို့လည်း ရပါတယ်။

Relax ဖြစ်စေမယ့်အရာတွေလုပ်ပေးပါ

ဒေါသအရမ်းထွက်နေချိန်မှာ ပေါက်ကွဲလိုက်မှ စိတ်ထဲပေါ့ပြီး နေလို့ကောင်းသွားတာပါ။ ဒါပေမယ့် သူများအပေါ်ကို ပေါက်ကွဲလိုက်ရင် အမှားတွေဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် မကျေနပ်ချက်တွေ၊ ဒေါသထွက်ရတဲ့ အကြောင်းအရင်းတွေကို တစ်ခုခုထဲ ချရေးလိုက်ပါ၊ stress ကိုလျှော့ချပေးတဲ့ လက်ညှစ်အရုပ်တွေ ညှစ်တာမျိုးလည်း လုပ်လို့ရပါတယ်။

တခြားကိုအာရုံပြောင်းပေးပါ

ဒေါသထွက်စရာ အကြောင်းအရာတွေကိုပဲ စဉ်းစားပြီးတွေးနေရင် ပိုဒေါသထွက်မယ်၊ တစ်ခုခုလုပ်ချင်စိတ်တွေ ပိုဖြစ်လာပါမယ်။ ဒါကြောင့် တခြားအရာတစ်ခုခုကို အာရုံပြောင်းပေးပါ။ အလွယ်ကူဆုံး အာရုံပြောင်းနည်းတွေကတော့ သီချင်းအကျယ်ကြီးဖွင့်ပြီး နားထောင်တာ၊ သီချင်းအော်ဆိုပြီး ကခုန်တာ၊ ဟာသတွေကြည့်တာမျိုး ဖြစ်ပါတယ်။

တစ်ယောက်ထဲနေလိုက်ပါ

ဒေါသထွက်နေချိန် ဘေးလူရှိနေရင် ဘေးလူကမဲတာမျိုး၊ တစ်ခုခုလာပြောရင် ပိုဒေါသထွက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် အမှားလည်းမရှိအောင် အကောင်းဆုံးကတော့ ဒေါသထွက်နေရင် တစ်ယောက်ထဲနေပါ။ တစ်ယောက်ထဲနေပြီး ထိုင်တွေးနေရင်လည်း ပိုဒေါသဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် မတွေးမိအောင်လည်း ကြိုးစားပါ။

ဒေါသထွက်လာရင် ဒီနည်းလမ်းတွေကိုလုပ်ကြည့်ပါ။ နောက်ပိုင်းဆို အကျင့်ဖြစ်ပြီး ကိုယ့်စိတ်ကို ထိန်းနိုင်လာမယ်၊ အရင်လောက်လည် ဒေါသကြီးတော့မှာ မဟုတ်ပါဘူး။