Insomnia ခံစားနေရတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ Lifestyle မှာ ပြောင်းလဲလုပ်ဆောင်သင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကို လုပ်ရင်းနဲ့ Insomnia ဖြစ်နေတာ သက်သာလာပါလိမ့်မယ်။ အိပ်မပျော်တဲ့အတိုင်း မအိပ်ပဲပြီး အိပ်ချင်တဲ့အချိန်မှ အိပ်လိုက်တာမျိုးမလုပ်ပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။

အိပ်ချိန်ပြောင်းလဲလိုက်ပါ

အိပ်ပျော်သည်ဖြစ်စေ၊ အိပ်မပျော်သည်ဖြစ်စေ စောစောအိပ်ယာဝင်ပြီး ကြိုးစားအိပ်ကြည့်ပါ။ စစချင်းကတော့ ခက်ခဲနေမှာဖြစ်ပေမယ့် တစ်ဖြေးဖြေးနဲ့ အကျင့်ဖြစ်လာပါလိမ့်မယ်။ အိပ်ချိန်ပြောင်းပြီး စောစောအိပ်တာ အကျင့်ဖြစ်လာရင် နောက်လည်း အဲ့အချိန်ရောက်ရင် အလိုလိုအိပ်ပျော်လာပါလိမ့်မယ်။

Screen Time လျှော့ပါ

ကိုယ်အိပ်မယ့်အချိန် ၂ နာရီအလိုလောက်ကစပြီး Screen Time ကို အနားပေးလိုက်ပါ။ ဖုန်း၊ ကွန်ပြူတာ၊ တီဗီ ဘာမှမကြည့်ပါနဲ့တော့။ အဲ့တာတွေကြည့်နေရင် တော်ရုံနဲ့အိပ်မပျော်ပါဘူး။ Insomnia သက်သာပျောက်ကင်းဖို့ဆိုရင် ကိုယ့်ရဲ့ Lifestyle မှာ ဒီအရာတွေကိုလည်း ပြောင်းလဲဖို့လိုပါတယ်။

တရားထိုင်ပါ

Screen Time ကို အနားပေးလိုက်တဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေရင် တရားထိုင်ပါ။ တရားထိုင်တာက စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ အားလုံးလျော့ကျသွားပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။

Caffeine လျှော့ပါ

ညနေဘက်၊ ညဘက်မှာ Caffeine ဓာတ်ပါတဲ့ ကော်ဖီစတာတွေကို သောက်တာက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကော်ဖီသောက်မယ့်အစား Herbal Tea တစ်ခွက်သောက်ပေးတာက ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ကူညီပေးပါတယ်။

စာအုပ်ဖတ်ပါ

ဖုန်းမသုံးရတော့ ပျင်းနေသေးတယ်ဆိုရင် စာအုပ်ဖတ်ပါ။ အိပ်ခါနီး စာအုပ်ဖတ်ရင် မျက်လုံးညောင်းပြီး အိပ်ချင်လာပါလိမ့်မယ်။

သန့်ရှင်းသပ်ရပ်မှု

အိပ်တဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ်က ချွေးတွေနဲ့ဆိုရင် ယားယံပြီး စိတ်မကြည်တာ၊ စိတ်ရှုပ်တာတွေဖြစ်ပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ကိုယ်အိပ်တဲ့အိပ်ယာနဲ့ အိပ်ခန်းကိုလည်း သပ်ရပ်သန့်ရှင်းနေအောင် ထားရပါမယ်။