ပိုက်ဆံတွေက မလိုအပ်ပဲထွက်နေတယ်၊ တော်ရုံမစုဖြစ်ဘူးဆိုရင် ငွေကုန်ပေါက်တွေကို လျှော့ချဖို့လိုပါတယ်။ ကြပ်တည်းနေတဲ့အချိန်မှာဆိုရင် ပိုတောင်လျှော့ချသင့်ပါတယ်။ အဓိကကတော့ မလိုအပ်တာတွေအတွက် မသုံးမိဖို့၊ မလိုအပ်တာတွေ၊ မဝယ်သင့်တာတွေကို မဝယ်မိဖို့ပါပဲ။ ဒါကြောင့် ငွေကုန်ပေါက်တွေကို လျှော့ချဖို့အတွက် ဆင်ခြင်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အပြင်စာသွားစားတာကိုလျှော့ပါ

အပြင်ထွက်ပြီးမုန့်စားတာမျိုး၊ အပြင်သွားပြီး ညစာစားတာမျိုးကို တစ်ခါတစ်လေပဲလုပ်ပါ။ ခဏခဏလုပ်နေမယ်ဆိုရင် ငွေကုန်ပေါက်တွေပါပဲ။ အပြင်စာစားမယ့်အစား အိမ်မှာထမင်းစားတာက ပိုသက်သာပါတယ်။ ငွေကုန်ပေါက်တွေကို လျှော့ချမယ်ဆိုရင် အပြင်စာသွားစားတာကိုပါ လျှော့ဖို့လိုပါတယ်။

အပျော်အပါးသွားလျှော့ပါ

ပိုက်ဆံကုန်မယ့် အပျော်အပါးတွေကို တတ်နိုင်သလောက် လျှော့ချလိုက်မယ်ဆိုရင် ငွေကုန်ပေါက်တွေ သိသိသာသာ လျော့သွားမှာပါ။ ဥပမာ ခဏခဏ ဘားတွေ၊ ကလပ်တွေ၊ ပါတီပွဲတွေ သွားတာမျိုး၊ အပြင်ပဲတစ်ချိန်လုံးလျှောက်သွားပြီး ဖြုန်းနေတာမျိုးတွေကို လျှော့သင့်ပါတယ်။

Sale ချတိုင်းမဝယ်ပါနဲ့

Sale ချတိုင်းသာဝယ်နေမယ်ဆိုရင် ပိုက်ဆံက မလိုအပ်ပဲထွက်နေမှာပါ။ ဒါကြောင့် sale ချတိုင်းလည်း ကိုယ်လိုအပ်နေတာမဟုတ်ရင် မဝယ်ပါနဲ့။ မနေနိုင်ဘူး မြင်ရင်ဝယ်ချင်လာတယ်ဆိုရင်လည်း sale post တွေမြင်တိုင်းသာ hide လုပ်လိုက်ပါ။

အသစ်ထွက်တိုင်းမဝယ်ပါနဲ့

ဖုန်းပဲဖြစ်ဖြစ်၊ တခြားဘယ်အရာကိုပဲဖြစ်ဖြစ် အသစ်ထွက်တိုင်းသာ ဝယ်နေမယ်ဆိုရင်တော့ ကိုယ်ရှာတဲ့ငွေက ဘယ်တော့မှလောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသစ်ထွက်တိုင်း မဝယ်ပါနဲ့။ ခေတ်စားနေတိုင်း၊ လူတကာကိုင်နေလို့၊ သုံးနေလို့ဆိုပြီးလည်း မဝယ်မိပါစေနဲ့။ ဒီအချက်က အရေးကြီးပါတယ်။

မလိုအပ်တာတွေမဝယ်ပါနဲ့

ကိုယ့်မှာရှိပြီးသားတွေ၊ မလိုအပ်တာတွေကို လှတယ်ဆိုတိုင်း မဝယ်လိုက်ပါနဲ့။ တစ်ခုခုဝယ်တော့မယ်ဆိုရင် ငါ့အတွက် မဖြစ်မနေလိုတာလား၊ သပ်သပ်မဲ့လိုချင်လို့ဝယ်မှာလား စဉ်းစားပါ။ ရှိတာလေးတွေကိုပဲ တန်ဖိုးထားပြီး သပ်သပ်ရပ်ရပ်သုံးပါ။ ဒါဆိုရင် ငွေကုန်ပေါက်တွေကို ပိတ်လိုက်နိုင်မှာပါ။