အထူးသဖြင့် မိန်းကလေးတော်တော်များများက ကိုယ့်ရဲ့ Relationship နဲ့ပတ်သက်ပြီး သူငယ်ချင်းတွေကို ပြောပြလေ့ရှိပါတယ်။ ဘယ်လောက်ပဲခင်တဲ့ bff ဖြစ်နေပါစေ မပြောသင့်တာတွေပါ အကုန်လုံးကို အတွင်းကျကျ လိုက်ပြောနေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေကို ကိုယ့်ရဲ့ Relationship နဲ့ပတ်သက်ပြီး ပြောပြမယ်ဆိုရင်တောင် ဒီအရာတွေကိုတော့ မပြောသင့်ပါဘူး။

နှစ်ယောက်အတွင်းရေး

ကိုယ့်ရည်းစားနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲသိဖို့လိုတဲ့ အတွင်းရေးတွေကအစ အသေးစိတ်လိုက်ပြောနေတာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ နှစ်ယောက်လုံးအတွက်လည်း မကောင်းပါဘူး။ တစ်ချိန်မလိုတဲ့အခါကျ ကိုယ်ယုံကြည်လို့ပြောပြတဲ့အရာတွေက အတင်းပြောစရာတစ်ခု ဖြစ်သွားတတ်ပါတယ်။

ကိုယ့်ရည်းစားရဲ့အရင် Relationship အကြောင်း

ကိုယ့်ရည်းစားရဲ့ အရင်က Relationship အကြောင်းတွေကို သူငယ်ချင်းကိုပြောပြတာမျိုး မလုပ်သင့်ပါဘူး။ Respect မရှိရာကျပါတယ်။ မယုံကြည်ရတဲ့သူငယ်ချင်း၊ ပါးစပ်ဖွာတတ်တဲ့သူငယ်ချင်းတွေနဲ့ဆိုရင် ကိုယ်ပြောသမျှက နောက်ကွယ်မှာပြန်ပြောဖို့ အတင်းအဖျင်းတစ်ခု ဖြစ်သွားပါလိမ့်မယ်။

ကိုယ့်ရည်းစားရဲ့အားနည်းချက်

အဆိုးဆုံးကတော့ ကိုယ့်ရည်းစားရဲ့ အားနည်းချက်တွေကအစ သူငယ်ချင်းတွေကို လိုက်ပြောပြနေတာမျိုးပါပဲ။ ကိုယ်နဲ့ ကိုယ်ရည်းစား နှစ်ယောက်ပဲသိသင့်တဲ့အရာတွေအထိပါ အကုန်လိုက်ပြောနေတာမျိုးက နှစ်ယောက်လုံးအတွက် လုံးဝမကောင်းပါဘူး။

ပိုက်ဆံကိစ္စ

ကိုယ့် Relationship နဲ့ပတ်သက်ပြီး ပိုက်ဆံကိစ္စတွေကအစ သူငယ်ချင်းကို လိုက်ပြောပြနေတာမျိုးကလည်း လုံးဝမလုပ်သင့်တဲ့အရာတစ်ခုပါ။ ဥပမာ – ကိုယ့်ရည်းစားက ပိုက်ဆံချေးတာ၊ ကိုယ့်ရည်းစားဆီက ပိုက်ဆံယူတာ စတာတွေက နှစ်ယောက်ရဲ့အကြောင်းပါ။ သူများကိုလိုက်ပြောပြနေဖို့ မလိုတဲ့အရာတွေပါ။

နှိုင်းယှဉ်ပြောဆိုခြင်း

ကိုယ့်ရည်းစားကိုချစ်ရင် တန်ဖိုးထားပြီး လေးစားရပါမယ်။ ကိုယ့်စိတ်ထဲ တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်မိရင်တောင် စိတ်ထဲပဲထားပါ။ သူငယ်ချင်းတွေကိုသွားပြောပြီး ကိုယ့်ရည်းစားကို လူတကာနဲ့ လိုက်နှိုင်းယှဉ်ပြနေတာမျိုးက ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ ဖြစ်နေပါလိမ့်မယ်။